တန်ခူးလဘွဲ့ (ရတု)

လေ၀န်းကဆင်၊ ရွက်ဟောင်းကျင်၍၊ ညွန့်ရှင်ဝေေ၀၊ ပင်တိုင်းထွေလျက်၊ တောင်လေဖြည်းပျ၊ မင်းလွင်စသော်၊ လွမ်းရဘွယ်သာ၊ သည်အခါဝယ်၊ အတာရေသွန်း၊ တန်ခူးဆန်းက၊ ရွှင်လန်းမပျော်၊ ညှိုးလျော်ပြိုက်သွယ်၊ ရွှေ များလယ်တွင်၊ ပြိုင်ဆွယ်မမျှ၊ လောကတန်ဆောင်၊ ရဲထွတ်ခေါင်ကြောင့်၊ တမ်းယောင်ဆိုကာ၊ ဖြေမသာသည်၊ ဗျာပါဝှန်စည် ပွားတော့သည်။

နွေဆန်းစတွင်၊ စုံမြိုင်ခွင်လည်း၊ မထင်ရွက်ကြမ်း၊ မြရည်လျှမ်းက၊ စိတ်ဝမ်းကွဲအောင်၊ တောနှင့်တောင်လည်း၊ ညိုယောင်မြမြ၊ ရွှန်းရွှန်းလှလျက်၊ ကာလရတု၊ ညွန့်နုစိမ်းညောင်း၊ မသာတောင်းလည်း၊ သက်ပေါင်းတင့်ခေါင်၊ ဆွေသည်နောင်နှင့်၊ ရည်စောင်သာရွှင်၊ ပန်းမြင်မြင်ကို၊ ယာဉ်ညင်သာလှ၊ ၀န်းရွှေကထက်၊ နွဲ့လျက်တူကွ၊ မ ဆွတ်ရဟု၊ ရှုတလှည့်ကာ၊ နန်းမြင့်ချာက၊ မယ်သာမျှော်ပျောင်း၊ မျက်ခြည်ညောင်းသည်။ တမ်းကြောင်းဖြေ ဆည်ထားတော့သည်။

ရေသွန်းလလျှင်၊ ရွှင်ပျပျော်ပါး၊ ဘော်ချင်းများနှင့်၊ ကစားသာကြည်၊ ပျော်ရမည်ကို၊ ဆွေသည်သက်မျှ၊ မွေးဘ မင်းတူ၊ ရှဲသူသက်ပေး၊ မစုံသေး၍၊ ရပ်ဝေးမြေရှည်၊ ခီလေသည်ကို၊ မျက်ခြည်ရှုညောင်း၊ ကြည့်တိုင်းပျောင်းမျှ၊ ပွင့်လောင်းနန်းရံ၊ ရဲတံခွန်က၊ သ၀န်ထွေလာ၊ ဆက်စာမြင့်မြဲ၊ ရောက်လာခဲ၍၊ ရိပ်ဝှဲခန်းချောင်၊ စိန်ညောင် ခြူးဆင့်၊ သလွန်မြင့်ထက်၊ ဖူးမြင့်မျှော်ငံ့၊ ဆွတ်ဆွတ်ပျံ့မျှ၊ သွယ်ညံ့ကေရှင်၊ သိမ်းမပြင်သည်၊ ရက်ဖျင်တာရှည် များတော့သည်။

ရဝေရှင်ထွေး (တောင်ငူခေတ်)

တပို့တွဲလဘွဲ့

အော်-လဲ့လဲ့မှုန်ပျံ့၊ မှဲ့မှဲ့တံ့လို့
နံ့တပြန်ပြန်၊ လက်ပံငုံဖူး
ဇရက်ကယ်မြူးလို့၊ ပေါက်ဖူးငယ်လျှံသည်
ဂိမှာန်နွေဘက်က ကျင်းတော့မယ်။

ဟေမန်အသုန်း၊ ကိုက်ဖူးပုရစ်
ရွှေချပ်စစ်ကို၊ လေလှစ်တုန်းမို့
နောက်ဆုံးနာရီ၊ ကျွန်းကလို့မှီ
ရောဟဏီမင်း၊ တောက်ပ၀င်းသည်
သွင်းသန်ကောင်လောက်
တီးနှစ်ချက်လဲ၊ ချိန်စက်ရောက်က
သံကောက်မာဃ၊ ကြယ်ဓူဝသို့
အာကာသဆိုင်
ခြည်ဝါရောင်ဆင့်၊ ယုန်စန်းပွင့်နှင့်
မွန်းတင့်ငယ်ဆိုင်သည်
ခရိုင်ရွှေမြို့လင်းတော့မယ်။

ထန်းရည်နင်း
ပေါက်ကင်းတဲ့လဲ့ငုံ။
ဇရက်ကယ်သာကာနှင့်
ယော်ရွက်ဝါတမာနု
လွမ်းသူ့ပူပုံ။ 

စရိုက်ကယ်လှုံ
ပင်မြုံမြင့်သိုက်နန်း။
ထွက်စီးငယ်ဝှန်
ကျောက်စက်ကယ်ရေတံခွန်နှင့်
ဟေမ၀န်သာယာနုပါဘိ
ယွန်းလုနွေဆန်း။

ဦကြင်ဥ

သီတင်းကျွတ်လဘွဲ့ (လူးတား)

ရာသီနာရီ၊ တူတညီမျှ၊ ဓာတ်က၀ါယော၊ မာမောစုံလင်၊ငါးအင်ပဒုမ္မာ၊ ပွင့်ဝါဖြူနီ၊ လှိုင်ကြူရနံ့ သင်းပျံ့လေ။

စက်နေသည်ခွင်၊ သုံးသိန်းတွင်၌၊ သောင်းလျှင်ပဉ္စ၊ တူမာသနှင့်၊ စရရာသီ၊ နာရီနှစ်ပါး၊ နေ့ကားသုံး ဆယ်၊ ည၀ယ်ညီမျှ၊ ထပ်တူရလျက်၊ အဿဝတီ၊ ရောင်လျှံချီ၍၊ ပြည့်ညီထွန်းလာ၊ ဂြိုဟ်စန္ဒာနှင့်၊ တူသာတကွ၊ ကာ ကတာရာ၊ ရံဝန်းပါသား၊ နေ့မှာစိတြ၊ နေနှင့်မျှ၍၊ လှည့်ကြလျဉ်လျား၊ သုံးဘ၀ါးဟု၊ ပန်းများဖူးစီ၊ ကြာနီကြာ ညို၊ ပင်တိုင်းစိုသား၊ ရွှေလိုဝတ်ဆံ၊ ညှာတံနွဲ့ယိမ်း၊ မြောက်လေသိမ်းက၊ ညွှတ်တိမ်းပြောင်း၏၊ ပွင့်ဘိငုံအာ၊ ငါး မည်ကြာတို့၊ လေညာလေအောက်၊ ရနံ့ရောက်၍၊ ထွန်းတောက်ရဲရဲ၊ ပုလဲရွှေစင်၊ မျက်ရှင်န၀ရက်၊ စီခတ်ဆောင် ဆောင်၊ နန်းရွှေတောင်ထက်၊ ဘုန်းခေါင်ရာဇာ၊ စကြာမန္ဓာတ်၊ စဉ်မှတ်ဆက်မြဲ၊ ကန်တော့ပွဲဟု၊ ကျော်သဲအုတ် အော်၊ ပူဇော်ဆီမီး၊ ညီးညီးဝင်းဝင်း၊ ထွန်းလင်းရောင်ထိန်၊ အာလိမ်ငါးဆင့်၊ ရွှန်းရွှန်းတင့်သား၊ နတ်မင့်းစံ ရာ၊ ၀တိံသာသို့၊ လေးရောင်ဖြာစို၊ မြင့်မိုရ်ပွဲကြီး၊ ယှဉ်မှီးမာသ၊ မြောက်လေစ၍၊ သက်မျှကြင်သူ၊ မွတ်ရွအူနှင့်၊ အတူတကွ၊ မောင်ကတိုင်မျှောက်၊ မယ်ကဖောက်၍၊ နှစ်ယောက်စုံလင်၊ စွယ်တော်စင်တွင်၊ ပန်းတင်ရေသွန်း၊ ဆုယူညွှန်းသည်။ ပြောင်ရွှန်းဆီမီးတိုင်နှင့်လေ။

ကြာခိုင်သည့်ဝေညွှတ် သီတင်းကျွတ်။ ချောမွတ်လှကြန်ညီ။
ဟန်ချီလို့ကုန်ပျောင်း ရှုတိုင်းကောင်း။ ဖရောင်းပုံမမှီ။
သိင်္ဂိတည့်ရောင်လျှမ်း ရည်ရွှမ်းရွှမ်း။ 

လူတား ဦးယာ

တပေါင်းလဘွဲ့ (ညည်းချင်း)

အော်-ခါချိန်အစဉ်၊ မိန်အရှဉ်ကို
သဉ်ကြာညောင်မြင့်၊ ကိုးရောင်ပွင့်မှာ
တင့်သီတဂူ၊ တရထည်လေ့
ငါးအင်ကြွေ့တဲ့၊ ပင်မွေ့သူတို့
လွမ်းမူငယ်ကြွယ်မောက်၊ ပြယ်မပျောက်အောင်
လွယ်နောက်ကယ်သိုင်းတင်၊ သင်တိုင်းရှင်လဲ
သဘင်မြူးခိုက်၊ ခေါင်ကြူးကြိုက်မို့
စူးစိုက်ကယ်စဉ်လာ၊ ကျောက်စွယ်ခါးပန်း
သူတို့မြန်းတဲ့၊ တောင်နန်းသာမှာ
ဇာလာလျှံပွင့် လင်းတော့တယ်။

ပိုက်မှူးငယ်တငါ၊ တောင်တင်သံလေး
ရိုက်ညံပေးလို့ ၊ ရိုဟေးငယ်ငြာသည်
ဘာသာဖန်တီးလို့ ခင်းတော့တယ်။

သုံးမည်ငယ်ဝှီထိ၊ အံသုမာလီ
လျှံဝါချီသည်၊ ဗာဟီထိလို့
အာဒိဂိမှေ၊ သည်ချိန်နွေကို
တိမ်ဖြေစည်းအောင် ဘယ်နည်းဆောင်ပါ့မယ်။


(လေးချိုးသဖြန်)

ရှစ်ဘောင်လုံး
မှောင်တုံးမင်ညွန့်သော်။

သဇင်နှောင်း
ဘယောင်းကျန် တဂုဏ်လွှတ်လို့
ဖက်ဆွတ်ကယ်ရာသီသိငယ်က
ဘုန်းချိခဲ့သော်။

ဝတ်ရည်ယူခြွေဆပါတဲ့
မေစကသွေးလှော်
မည်ဖော်ဝံ့ရက်ပါဘူး။

ဈာန်ပါဒေ
သင်္ခါရေ ဆင်လှိုင်းတဲ့
ကသိုဏ်းသူတော်မှန်တို့
ပရိကံ မတည်ပနိုင်ဘူး
သည်လသည်ခါကြုံက
သာပုံကိုငါးမာရ်လွှင့သော်မှ
ဟောရင့်မြွက်ကျူး။

ဦးကြင်ဥ

ကဆုန်ကလဘွဲ့

ထွန်းရောင်ခြည် ရွှန်းလှလေ
သရေ၀န်းဝါ၊ လစန္ဒာနှင့်
ဝိသာခါစည့်၊ တူပြိုင်ပြည့်သား
သာသည့်အခါ၊ ပြိဿ ရာဟု
မြညှာဖြူးဖြူး၊ ကွမ်းဖူး စကား
ကြိုင်သည်သားနှင့်၊ ပျော်ပါးဖွယ်ချင်
သည်လတွင်၌၊ သာရွှင်ကြည်ထွေ၊
ပွဲညောင်ရေထက်၊ ထူးထွေရွှင်ပျော်၊
ညောင်ရေတော်ကို၊ နုမော်ဒနာ၊
ဝမ်းသာစိတ်သန်၊ အပြန်ပြန်တည့်။
ဖန်ဖန်ကူမ တောင်းရည်ဆောင်။       ။မြဲဆုလေ။

ဝန်ကြီးပဒေသရာဇာ

ကဆုန်လဘွဲ့

သာစွလေ
ခါနွေသဘင်၊ နှစ်သစ်ဝင်၍
ကောင်းကင် သော်တာ၊ ဝိသာခါနှင့်
ပြည့်လာ အညီ၊ ရာသီပြိဿာ
အလှကြိုင်မြူး၊ ကွန့်ဖူးစကား
လှိုင်ပျံ့ရှားသည်၊ မိုးသားကျူးစ
ကဆုန်လဝယ်၊ လောကထွတ်ထား
ဘုရားသခင်၊ ရွှေပလ္လင်ထက်
ရွှေပင်ရောင်တောက်၊ ညောင်တော်အောက်၌
ပေါက်သည်ကိုမူ၊ အကြောင်းယူ၍
မဉ္ဇူလှရာ၊ ပန်းတကာကို
မြူတာတကောင်း၊ မသင်းတောင်းဝယ်
သွန်းလောင်း ရေပြည့်၊ ဖြိုးမျှထည့်လျက်
ပတ်လှည့်ညာကြေ၊ သျှင်တော်မွေကို
ရိုသေသဘင်၊ ပွဲကြီးယင်၍
ကြည်လင်သဒ္ဓါ၊ ငြိမ့်ကြောင်းရှာသည်
အခါညောင်ရေ သွန်းတည့်လေ 
ပွင့်လင်းစည်သည်၊
ရွှေပြည်ရွှေဝ နန်းတည့်လေ။

ဦးအောင်ကြီး (အင်းဝခေတ် စာဆိုတော်)

တန်ခူးလဘွဲ့ (လူးတား)

ပျော်မြူးရာသီ၊ ဖူးစီသရစ်၊ ရွက်သစ်ဖြန်းစ၊ လန်းလှလေ။

တေဇောဓာတ်အိမ်၊ နွေဂိမ္မန္တ၊ တံခူးလဟု၊ စရရာသီ၊ နာရီညဥ့်နေ့၊ မျှ၍တူညီ၊ သုံးဆယ်စီတည့်၊ အသ၀ဏီ ကြယ်၊ နေနှင့်ဆွယ်လျက်၊ ညဥ့်ဝယ်စိတြ၊ သော်တာလနှင့်၊ လှည့်ကြမချွတ်၊ ကေ၀ဋ်တာရာ၊ ယှဉ်ပြိုင်လာသား၊ အတာသဘင်၊ သည်ပွဲတွင်၌၊ ကေရှင်ညွန့်လန်း၊ နှင်းရည်ဖျန်းလျက်၊ ဖော့ပန်းမတူ၊ ဖလ်နန်းသူတို့၊ ဟန်ယူ ပျောင်းပျောင်း၊ ရွှေဖယောင်းသို့၊ မွှေးပေါင်းနံ့သာ၊ စမ္ပါအကျော်၊ ကန့်ကော်ရင်ခတ်၊ ပွင့်ဝတ်မြိုင်ခြေ၊ တောင်လေ ညင်းညင်း၊ ရစ်လှာသွင်းသော်၊ ရင်တွင်းငြိမ့်လေး၊ ဆိတ်ရုံဧ၏၊ ငယ်သွေးလဲ့ပြာ၊ မောနှင့်သာလျှင်၊ မေတ္တာမ ပျက်၊ လွန်းကြင်ငှက်သို့၊ သံမြွက်မွှေးကြိုင်၊ ဂူရွှေလှိုင်တွင်၊ တူပြိုင်ဆုတောင်း၊ ညောင်ရေလောင်းသည်၊ မွှေး ပေါင်းနံ့သာရည်နှင့်လေ။

စက်ခြည့်တည့် နှစ်သိန်း ငါးသောင်းကိန်း၊ တြိန်းဘ၀ါးမှန်။
ဂိမှန်တည့်တံခူး သာဆန်းထူး။
နှစ်ဦးမိဿခွင်။ သဘင်တည့်ပျော်မြဲ အတာပွဲ။

လူတား ဦးယာ

တပေါင်းလဘွဲ့ (လူးတား)

ရေနက်လေဆိုင်၊ တူပြိုင်ယှဉ်လျက်၊ ကြွက်နှင့်ကျားမင်း၊ စံခင်းသင်္ချာ၊ ကျယ်စွာစက်ခန်း၊ မိန်မှန်းလေ။

မှိုင်းဝေမင်းလွင်၊ တောတပြင်မှာ၊ မြသွင်ရွက်ညောင်း၊ တချို့ပြောင်းက၊ တပေါင်းခေါ်ညီ၊ မိန်ရာသီဟု၊ တလီ ရှေးက၊ ဒွေးဒေဟနှင့်၊ နေလရောင်လျှပ်၊ ရာသီမြတ်တွင်၊အာပေါဓာတ်ဆန်း၊ ချင့်မှန်းတိုင်းထွာ၊ နာရီမှာကား၊ နေ့ သာရောက်ညား၊ ဟိုင်းနဲ့ကျားတို့၊ ပျော်ပါးစံနေ၊ တထွေညဥ့်သွား၊ ကျားနှင့်ခြင်္သေ့၊ မွေ့မွေ့ဘာဘာ၊ သည်အခါ ၌၊ ရိုးညှာမြနု၊ ၀တ်မှုံစုတွင်၊ ငွေဥရောင်သွေး၊ ပျံ့မွှေးစီစီ၊ သရဖီနှင့်၊ သိင်္ဂီမြညှောက်၊ ပန်းပျား တောက်တို့၊ ဖြိုးမောက်ရွှင်လန်း၊ ထူးဆန်းလှတင့်၊ ရိုးတံမြင့်နှင့်၊ ပွင့်ကြကြိုင်သင်း၊ မြိုင်လုံးဝင်းမျှ၊ သည်မာ သတွင်၊ ငွေအ ပရံ၊ တွင်းစံပတ္တမြား၊ လရထားနှင့်၊ လှည့်သွားထွန်းလှ၊ ဥတ္တရမှီ၊ ဘရဂုဏ္ဏီ၊ ပြည့်ညီတောက်ပ၊ စူဠလိပ်နန်း၊ ယှဉ်သန်းတာရာ၊ ဝင်းဝါပြောင်ပြောင်၊ အရောင်စိုစို၊ ဂဠုန်ဂြိုဟ်နှင့်၊ ရွှေကိုအတွင်း၊ ဖလ်ဖြင့် ကျင်း၍၊ နေမင်း သူရိယာ၊ လှည့်ခဲ့လှာသော်၊ ပြုပ္ပာရောင်မြိုက်၊ ဘဒ္ဒပိုက်နှင့်၊ ရစ်ဝိုက်တူသွား၊ ဘဝါးဇယ၊ မာသခါကောင်း၊ လတ ပေါင်းဟု၊ မနှောင်းစေရ၊ ငွေသောင်ဝဝယ်၊ ဖြူလွစီစီ၊ သဲစေတီကို၊ ပြည့်ညီတည်ထား၊ ညွှတ်တွားကြည်လင်၊ ရှိစုံဆင်၍၊ သဘင်ပျော်မြဲ၊ ရာသီပွဲဟု၊ မြစ်ထဲသီတာ၊ ကျွန်းသောင်သာ၌၊ သာယာဖိုမ၊ ငှက်တို့ကလည်း၊ မြူးက ဖန်ဖန်၊ ငါးရွှေတန်လည်း၊ ဆုန်ဆန်တက်ဆင်း၊ ငါးကြင်းတလိုက်၊ တတိုက်တသန့်၊ ငါးရန့်ပျော်ရွှင်၊ မြိုင်ခွင် တောင်တော၊ ဥသြရင့်ကြွေး၊ ကြူးသံပေးလျက်၊ လွမ်းရေးဖြာဖြာ၊ အူသည်းညှာတို့၊ ကြွေရှာလိမ့်ဘွယ်၊ လှမျိုး ကြွယ်ကို၊ မိမယ်ယဉ်နု၊ ပန်းရည်စုသို့၊ နုနုရွရွ၊ ရွှေဦးစသို့၊ အလှပျောင်းအိ၊ ယှဉ်ဇာတိနှင့်၊ တရှိတူစုံ၊ ချစ်ငွေ့ လှုံ၍၊ စက်ခြုံပိုက်လွှမ်း၊ ယုယကမ်းလျက်၊ ကြောင်းလမ်းထွေထွေ၊ မိသံခြေနှင့်၊ လယ်ဗွေထက်တွင်၊ စံပျော်ရွှင် သည်။ လွမ်းကြင်ငှက် ပမာသို့လေ။

နွေခါတည့် ပိုက်နွဲ ဇာပန်းပွဲ။ ရှူလဲမဝလို။
ချိုချိုတည့် ပျံ့မွှေး သံသာသေး။ ရွှေရေးနုလိမ္မာ။
ကွမ်းယာတည့်ခန့်သုံး ယဉ်မှုဆုံး။

လူတား ဦးယာ

တန်ဆောင်မုန်းလဘွဲ့ (လူးတား)

နှင်းဖွဲ့မှိုင်းရီ၊ ရာသီဗြိစ္ဆာ၊ ကွေးလာမလုံ၊ လွှမ်းခြုံချမ်းစ၊ လွမ်းလှလေ။

တိမ်ခြေရစ်သန်း၊ မင်းလွင်ဖျန်း၍၊ စက်ခန်းသုံးသိန်း၊ ဓာတ်ကိန်းအာပေါ၊ ကျယ်ပြောတိန၊ သို့သည့်လကို၊ မာသ ဗြိစ္ဆာ၊ နေ့မှာနာရီ၊ စွန်းညီအပြား၊ ရှစ်ခုသား၍၊ ရင်းအားနှစ်ဆယ်၊ ညဥ့်ဝယ်ဗီသ၊ တြိန္နနှင့်၊ ထွန်းပနက္ခတ်၊ ငွေပြ ဿာဒ်နှင့်၊ ကြယ်ကြိတ္တိကာ၊ ကျီးတာရာတို့၊ ပြည့်လှာကုန်ကျ၊ ဂြိုဟ်သူရနှင့်၊ ညီမျှတူစွာ၊ ၀ိသာခါလျှင်၊ နေ့မှာ လှည့်သွား၊ ဘ၀ါးစတု၊ ချမ်းစပြုသား၊ ငွေဥစိုစို၊ မိုးလုံးညို၍၊ မောက်မိုဖြိုးမြင့်၊ ရွှေပွင့်ခ၀ဲ၊ ၀တ်မှုံကြဲလျက်၊ ထွတ် ကဲစိန္တေ၊ ရှင်တော့်မွေကို၊ ရိုသေညွှတ်ကျိုး၊ မသိုးသင်္ကန်း၊ လှူဒါန်းရောင်ရှိန်၊ ကထိန်ပွဲခင်း၊ ကြိုင်သင်းပန်း မာလ်၊ ဆုပန်မြွတ်ဟ၊ သံချိုမြနှင့်၊ အလှပြောင်းအိ၊ သတိရွှေသား၊ သည်အလားသို့၊ ငါးပါးအင်စုံ၊ ဆူကြုံနိမ့်မြင့်၊ ပြစ်မျိုးလွင့်လျက်၊ မြပွင့်စိမ်းနီ၊ ပြာရီရောင်စု၊ ကျီးဥလိုလို၊ ယဉ်ပျိုနုနယ်၊ နတ်နှင့်ဆွယ်သို့၊ လည်ဝယ်ရွှေညှင်း၊ လဲ့ဝင်းပြာဖြူ၊ ဟန်ယူယိမ်းနွဲ့၊ ခ၀ဲပွင့်တုန်း၊ တန်ဆောင်မုန်းဟု၊ ခွေနှုန်းခန်းလယ်၊ ဇာခြယ်အုံးပေါ်၊ မွှေးပေါင်း ဖျော်၍၊ ကြင်ဖော်မစုံ၊ ပိုက်ခြုံကွာဝေး၊ ခြူးကွေးဝန်းယှက်၊ လယ်ဗွေထက်၌၊ မြရွက်ကေသာ၊ လွမ်းမူရာနှင့်၊ သန္တာညွန့်သစ်၊ သရစ်ပေါ်ဖူး၊ လျှပ်ရောင်မြူးလျက်၊ ဆောင်းဦးဆည်းဆာ၊ လေပြေလာ၍၊ သောကြာရပ်က၊ ဆွတ်ဖျန်းပြသော်၊ မြိုင်ဝပတ်လည်၊ ပင်တိုင်းစည်လျက်၊ သံမြည်ရင့်ကျူး၊ ကျေးငှက်မြူးသား၊ ဆန်းထူးဝေေ၀၊ မြောက်လေသွင်းချီ၊ ရာသီဗြိစ္ဆာ၊ လမှာတန်ဆောင်၊ မြူမှောင်မသန်း၊ သော်တာဆန်းသည်။ တိမ်ပန်းထက် ကောင်းကင်ကလေ။

စင်ကြယ်တည့် ညစ်ကြေး မြူမထွေး။ ချမ်းအေးမိမယ်ကို။
ဘုန်းမိုမှာပျော်ဘဲ မယ်ဝမ်းနဲ။ နှင်းပွဲဝန်းလည်ဝေ။
သည်းကြွေတည့် တုန်ချမ်း မျှော်မိလွမ်း။

လူးတား ဦးယာ

ကဆုန်လဘွဲ့

ဟေမာန်နွေလှန်လို့ တုံ့ပြန်တော့
ဗွေသဟံ ဝေယန်အုံ့ဆီက
လေပြန်လှုံ့ဆော်ခဲ့ပြီ။

ပင်ပေါ်ထက် ယော်ရွက်ဝါထိန်ဝေနှင့်
ခါဂိမှေသည် တခေတ်တွင်မှ
ညှာလိမ်ကြွေ တမည်သစ်မည်ကြောင့်
အသစ်တွေ ထွေကာစုပါလို့
ပုရစ်ခွေတမာနုမှာကွယ်
ကျေးဥစီစီ။

ခင်တန်းလျှို သပြေပင်က
ရွှေသဇင်သုတ် လေနှောပြန်တော့
နေ၀င်လျှင် ဘုတ်တွေ ရောပါလို့
ဘုတ်ရွှေသြရယ်က တွန်သံချီ
ဌာနီနှင့်ကွာဝေး။

ဖန်ခါခါ လမ္ဗရာစည်ဍိဏ္ဍိပေမို့
ဝသန်မှာ ဆည်မချိပြီဘူ့
ပူမိသည် မှော်ရဂုံက
တော်ကဆုန် ညောင်ရေသွန်းချိန်မို့
ဖော်မစုံ အောင်မြေကွန်းဆီသို့
လွမ်းလိုက်လှသေး။

စာတော်ဘတ် ဦးကြော့

တန်ခူးလဘွဲ့

အထောက်ကတဲ့မတန်
ရွှေကံ့ကော်ဇမ္ဗူကျုံးလို့
ကြူဆုံးတသိန်တင့်ပါဘိ
ပန်းမင့်လွတ်စံ။

မိဿဘုံဂဠုန်ကူးတွင်မှ
ကြုံဘူးလေ့ဖြစ်ဟန်
ရစ်တံပိုင့်ဆင်တော်နဲ။

ချိန်ခါနွေ
ဣန္ဒာဆွေ ဘူပတိသော်မှ
ပူမိရင်ဘယ်ဖြေနိုင်လိမ့်
ခြယ်ရွှေစိုင် နေရုလေးနှင့်
ရာဇူမှာ သာပြူသေးချည်ငဲ့
ဆွေးတော်ညံ့ဘဲ။

ဦးကြင်ဥ

တပို့တွဲလဘွဲ့

ချမ်းပွေပွေ နှင်းဝေေ၀ကျပုံက
ဖျန်းပြေပြေ ညင်းလောက ကြွပါဘိ
ခင်းဗွေမှာတဲ့ လွမ်းအောင်ဖန်။

တပို့တွဲပေမို့ ယှဉ်နွဲကာ စန္ဒာနှင့်
မှန်မကွာ ကြယ်မာဃတို့မှာ
ဝင်းပရောင်လျှံ။

ဟေမာမြိုင် ဆင့်မောက်ကဲပုံက
ဝေဖြာလှိုင် ပွင့်ပေါက်နှင့် လဲရယ်တို့
တင့်လျှောက်တွဲပါလို့ ပင်ထက်ယံ
(သြော်) ရွှင်လျက်စံပါလို့ ၀င့်ကာပဲ။

ပြောင်းကြွယိုင်ဝေ
ယောက်မကိုင်မွှေလို့
ထိုင်မနေ ရိုးရာပွဲမို့
ပိုင်ပိုင်လေ ကိုးစရာအမြဲသာပ
(အိုကွယ်) ထိုးကြထမနဲ။

ဆရာသတိုးသောင်း

တပို့တွဲလဘွဲ့

သာစွလေ
နေလည်းချမ်းမြ၊ လလည်းနှင့်ရီ
ပီပီမထွန်း၊ တောင်ထက်ဝန်းလည်း
ဆူးပန်းလဲပေါက်၊ ဝင်းဝင်းတောက်လျက်
ကမ်းလျှောက်ရေးရေး၊ သဲဖြူဖွေးနှင့်
ငှက်ကျေးပျံကြွ၊ ကောင်းကင်လဝယ်
မာဃယှဉ်မှီ၊ ကုံရာသီဟု
အညီခေါ်မြဲ၊ တပို့တွဲမူ
မဖွဲ့မိုးလေ။

ဦးအောင်ကြီး (အင်းဝခေတ် စာဆိုတော်)

တပေါင်းလဘွဲ့

တောင်ထိပ်ပေါ်မှာ နွယ်ချိုနှောလို့
ဥဩတွန်တဲ့ လရာသီ။
ဖက်ဆွတ်ကယ် သပြေပန်း
လန်းခဲ့ပြန်ပြီ။

တပေါင်းလရယ်တဲ့ပွဲတော်မှီ
သရဖီနဲ့ ကံ့ကော်ပန်း
ပုပ္ပါးတောင်တော်သာက
မွှေးလာချက်ဆန်း။

အမည်မသိ

တပေါင်းလဘွဲ့

တပေါင်း လသာ၊ လ တကာထက်
နှိုင်းရာဖက်ရှောင်၊ လများနောင်ကား
တောင်လည်းသာမော၊ တောလည်းသာထွေ
ရေလည်းသာလှ၊ ဖြူဆွသောင်ပြင်
ငှက်ပေါင်းရွှင်ရာ၊ သဘင်အညီ
ပွဲစေတီဟု၊ မြောက်ချီရွှင်ပ
လှူဒါန်းကြလျှက်။

ဦးအောင်ကြီး (အင်းဝခေတ် စာဆိုတော်)

တပေါင်းလဘွဲ့

တောင်နှင့် တောလည်း
သင်းချောမညို၊ ဝါလိုနီမြန်း
လေဝန်းလွှင့်ချောက်၊ ရတုရောက်က
ပိတောက်ရွှေရိုး၊ သာနိုးရွှေစံ
ဝတ်ဆံရွှေခဲ၊ ပုလဲချပ်စီ
သရဖီလည်း၊ ရုံးညီလှတင့်
ခါကိုလင့်လျက်၊ ငုံရင့်ကင်းမည်။
ပွင့်ရွက်စည်က၊ နွေလည်ခါလု
နှစ်ရတုသည်
ယခုမပေါ် လှည့်လေလော။

ဇေယျရန္တမိတ်

တပေါင်းလဘွဲ့

ရှစ်ခွင်တိုင်း မှုန်မှိုင်းတဲ့ပတ်လည် 
သဇင်ကြွင်းငယ်နှင့် 
အင်ကြင်း သန္တာညွန့်ငယ်တို့
ဖူးကွန့်ကိုက်စည်။ 

ဘမရာ ရွှေပိတုန်းငယ်တို့ 
ချွေသုံးကြ၀တ်ရည်
ဆွတ်ကြည်ဘွဲ့ ဖော်ကွဲ။

ယင်းသည့်နေ့ဆိုင်
ရသေ့သူတော်ထိုင်မှ
ဉာဏ်မခိုင် ဈာန်ယိုင်လျောရတယ်
ရာသီတွင် ခါညီပြောပေပ
ကြော၍သာမြဲ။

ဦးကြင်ဥ

တပေါင်းလဘွဲ့ (ရှစ်ဆယ်ပေါ်တေးထပ်)

မြသွေးအခံ ပင်ယံစိမ်းမှာ
ရွှေလိမ်း ပြန်ကြ ဂုဏ်တပြိုင်
သွေယိန်းဟန်ပြ ပုံအကိုင်ဝယ်
လေသိမ်းမခိုင်ကြွေစလု။
မရီ့တခါ ရီတခါငယ်
ကလီကမာ ညိုမင်းလွင်သို့စု။

ကြိုင်ကြိုင်သင့်ပျံ့ အင်ကြင်းချီသည်
ပင်မင်းရွှေဖီ ခါရတု။
ပြင်ကွင်းပြီပြီ လောင်စာနုနှင့်
တောင်ယာအပြု ခေတ်တဂုံ။
ပုလဲ ရောင်ဝေ သောင်ဘွေမော့မှာ
မောင်ဆွေမယ်ကြော့ ငှက်ပေါင်းညီလာစုံ။

ဖြေမရဲပ ကြေကွဲကြုံအောင်
ငွေသဲစိန်မှုံ စေတီဆင်လို့
ဘရဂုဏ်ပွင့် ယုန်နှင့်ချိန်တာ
မိန်ဦးသာတင့်စွာ။
ထေရ်ကာဠုဒ ကြောက်ဘွဲ့လျှာငယ်
ခြောက်ဆဲ့ဂါထာ စီကုံးပေရလေး။

စာရေးကြီးဦးမောင်ကလေး

တပို့တွဲလဘွဲ့ (ရှစ်ဆယ်ပေါ်တေးထပ်)

နှင်းရည်ဖျန်းခြွေ ထန်းလေ လှုံ့သည်
ချမ်းစေတမုံ့ ထုံ့နဂိုရ်
ဆန်းပွေတမုံ့ မှုံ့အညိုဝယ်
မအုံ့သလို ခိုရောင်ညွန့်။
မပီကလာ့ ပီကလာငယ်
ပလီပလာ နညှင်းသံကကွန့်။

ဟမာ ထွတ်စ ကျေးဝတ်စံသည်
ဆွေးညွတ် တဘန် ကြံဟန်လွန့်။
ပေါက်လဲငုံတံ ဂုဏ်လျှံဖွံ့လို့
စုံယံတသွန့် ခေါင်တံခွန်။
ချိန်မင့်ဘာရီ မာဃီစန်းတို့
တညီစိတ်ဝမ်း တည့်မွန်းထိန်ထိန်ဝှန်။

ယာဂုပွဲနှင့် တင့်ကဲလွန်အောင်
မီးဘုန်းတော်မွန်သာသည်သို့ထက်
တာရှည်တကိုယ့် လုံငြမ်းမမြင်
တုန်ချမ်းထွေစွအင်။
ဂိမှောလှုံ့တဲ့ မိန်ဘုံခွင်ကို
ဂဠုန့်သခင် ကြွမြန်းပါတော့လေး။

စာရေးကြီးဦးမောင်ကလေး

ပြာသိုလဘွဲ့ (ရှစ်ဆယ်ပေါ်တေးထပ်)

မဂန်းဘွေချာ မာလာပျို့သည်
ခွာပြာအညို့ သင်းကြည်ကြည်
ဖြာဖြာမချို့ နှင်းလည်လည်ဝယ်
ညှင်းလေစည်စည် ဆော်လှာလိမ့်။
မစုံသန့်တဲ့ ဘုံပြန့်မယ်မှာ
လုံအံ့ဘယ့်နှယ် ခြုံကွေးရှာတတ်လိမ့်။

တောင်ရွှေယံ့က မှောင်ဟန့် ပြန်သည်
ဝသန့်သဏ္ဌာန်တူပစိမ့်။
မတန့်ရကန် မြူအနိမ့်နှင့်
ကြူကြူသံအိမ့် ထင်ကာနှောင်။
ဖုသျှဗုဇွန် ယုန်ငွေနတ်တို့
ဂုဏ်နေဒြပ် ပြိုင်ထွန်း သာတင့်ဆောင်။

စက်ရင် သွင်းနှင့် မြင်းခင့်ပေါင်ကို
မင်းမင့်တန်ဆောင် ထွက်စံသိမ်းလို့
အောင်ကိန်းသံညှိ သျှန္တိမန္တန်
တရင်းသိဘွဲ့ညံ။
ဗြဟ္မာဆက်တဲ့ ရက်မြတ်မှန်ဝယ်
နက္ခတ်သင်္ကြံန် ခေါ်မြဲခါပလေး။

စာရေးကြီးဦးမောင်ကလေး

နတ်တော်လဘွဲ့ (ရှစ်ဆယ်ပေါ်တေးထပ်)

နတ်လဟေမန် ဝသန်ကြွင်းကို
ဘန်ဘန်ငွေနှင်း ရီ့တရီ
ပြန်လှန်လေညှင်း ချီ့တချီငယ်
ကရိကသီ နိုင်ရန်ကော့။
တဧကတို့ ရွေမျာ့ခွင်ဝယ်
ပွေစငင်ငင် ခြုံဆဲတုန်ကြရော့။

မှုန်တံဆိပ်နှင့် ဂုဏ်ဟိတ်ကြွယ်သည်
လိပ်ခေါင်း ရွှေကြယ် လျှံအသော့။
မိတ်ကောင်းဆွေနွယ် ဟန်သာကြော့လို့
စံကာ မလျှော့ တင့်တညီ။
နတ်နန်းသွင်မေ မင်ကေကုံးမှာ
ဇင်ခွေဂမုန်း သစ်တဲ့ခါရာသီ။

ထုံးစဥ့်လျားပ ကစားချီသည်
ရထားသင်္ဂီ တင်စမြဲနှင့်
မဟာပိန္နဲ နတ်ရှင့်သဘင်
ကြည်နူးရွှင်ခိုက်တွင်။
ရွာစလိမ့်သို့ ပြာမှိန့်လွင်တယ်
ဘယ်ရာတိမ့်ရှင် မှောင်အုံးမယ်ထင့်လေး။

စာရေးကြီးဦးမောင်ကလေး

တန်ဆောင်မုန်းလဘွဲ့ (ရှစ်ဆယ်ပေါ်တေးထပ်)

ပြန်ညှင်းသုန်သုန် နှင်းမှုရွနှင့်
ခြုံတသသ ထုန်စခါ
စုံသမျှမှ လုံကြရာသည်
သရဒဗြိစ္ဆာ ဟေမာန်ဦး။
ယုန်ရဟတ်နှင့် ဘုံကြတ္တီငယ်
ရွှေကျီးအာနီ တည့်မွန်စံချက်ထူး။

ခဝဲတသန့် ပြည်ပန်းရွှေမူ
တည်တန့် သရေ ပွင့်ဝေမြူး။
တဆဲ့ငါးထွေ ဆွေနတ်မှူးကို
အမြတ်အထူး ပူဇော်ခွင်၊
သွန်းတော့မလို ညိုလှာဆင့်သည်
စိုပါပထင့် ဆိုမိလောက်အောင်ပင်။

ပြိုကာအိသို့ ဖိမဲ့သွင်လို
ဝိတဲ့သခင် တိမ်သနင်းငဲ့
ကထိန်တော်ခင်း ရှိန်လင်းတန်ဆောင်
ချိန်ယွင်းလွန်လောက်အောင်။
သိုင်းမဝင့်နှင့် မှိုင်းရင့်မှောင်ကို
ဂိုဏ်းတပွင့်ရှောင် ခုသိမ်းပါအုံ့လေး။

စာရေးကြီးဦးမောင်ကလေး

သီတင်းကျွတ်လဘွဲ့ (ရှစ်ဆယ်ပေါ်တေးထပ်)

သန်နှောင်းသမိန် ချိန်ဝါသုဉ်းလို့
တိမ်းလုံးပြာအိ ကြွေချင်ချင်
စိန်အုံးကာသိ ဘွေင်သင်မှာ
ကွေတဲ့သခင် ပွေရော့လား။
မခန့်တရန့် ဗြန့်ကြီးမှောင်တယ်
ဟန့်ဆီးမရှောင် စည်းမောင်းဆော်ချက်ကြွား။

ယုန်ငွေပွင့်နှင့် ကျီးမင့်နယ်ဝယ်
သဝဏီကြယ် ဆွယ်သကား။
မချိစဘွယ် သွယ်သွယ်များလို့
ဘယ်ဘယ်တန်စား ဖြေမပြို။
ရှင်စောမုနိန် ဝတိန်ရပ်က
ဘုဝိန်သင်္ဃသ် ဆင်းတဲ့ခါတခို။

သဘင် သီးသန့် မြှောက်ချီးပိုအောင်
ဆီးမီးမြင့်မိုရ် ရွှေဆင်ပွဲနှင့်
ရွှင်မြဲဖိုမ နှုန်းတသိန်
ပိတုန်းရောင်ရှက်လိမ်။
ပဒုမာတမွတ် ညှာညွတ်အိမ်မှာ
ကြာဝတ်သယ်ချိန် ကြည်နူးရန်ပလေး။

စာရေးကြီးဦးမောင်ကလေး

တော်သလင်းလဘွဲ့ (ရှစ်ဆယ်ပေါ်တေးထပ်)

တောင်မြစ်ကမ်းယံ ဂန္ဓာရုမှာ
ကန်ရာသီပြု ခေတ်သဘင်
ဘန်လာပြီခု အသစ်လွင်အောင်
သရစ်ပြင်ဆင် ပျံသမို့။
ငှက်ပြိုင်ညှင်းနှင့် ကြိုင်သင်းထွေတယ်
ခိုင်းရင်းမာရွှေ ဂုကြီးကျယ်ရော့လို့။

ယုန်ငွေချိုင့်နှင့် ဗျိုင်းရုပ်ဝါငယ်
ဖသိုင့်ပြုပ္ပါ သွေမချို့။
တခိုင့်ဥက္ကာ ကြွေမသို့ပ
ဝေဟာတခို့ ဘွေမှန်ကူ။
အဏ္ဏဝါခွင် ယည်ပြောင်ခင်းမှာ
ဘောင်ပျံ့လှေသင်း တင့်တဲ့ခါတမူ။

ဂယက်ပွေမျှ ပွက်သဲထူအောင်
တက်ရေးသံကြူ ဟန်ယူဖြန့်မှ
ထံဒူးဒယံ့ တယော့တေတျာ
နတ်စောင်းသီဘွဲ့ကာ။
ရှစ်ခွင်ကွန့်လို့ မင်ညွန့်ဖြာတယ်
မြင်ဝံ့စရာ ရှိဘူးဆိုစို့လေး။

စာရေးကြီးဦးမောင်ကလေး

ဝါခေါင်လဘွဲ့ (ရှစ်ဆယ်ပေါ်တေးထပ်)

မငြိမ့်တငြိမ် ရွာတိမ်ယောင့်သည်
ပြာမှိန်တမှောင့်မှောင်အလျှံ
ဗျာဂိန်တထောင့် တောင်ကပါးယံငယ်
ဝါခေါင့်ဝသန် ဘန်တော်ပျိုး။
ပွေရုံဝင်လို့ လွင့်မပြယ်တယ်
မဆင်ခြင့်ချင် ဆင်ကွဲဆင်တဲ့မိုဃ်း။

လေဆိုင်ပြန်တဲ့ မြိုင်ခန်းဝါမူ
ကြိုင်နံ့ချပ်လွှာ သန္တာမျိုး။
ခိုင်ပန့်ခတ္တာ သမ္ဘာဖြိုးလို့
အာဏာတန်ခိုး ဟိတ်မပြေ (ပြယ်)။
အဿတာရာ ငွေရထား
သရဝဏ်ရွှေမြှား ထွန်းတင့်ပြိုင်တဆွယ်။

ကြည်ဘွယ်စုတဲ့ ရတုနယ်ဝယ်
သမုနေနွယ် ဒီပရာဇ်တို့
သီဝံနန်းသစ် ဆောင်ကူးမည်မှန်
ဘောင်မှူးရည်ဓိဋ္ဌာန်။
မြေပြင်လေးမျှ ရင့်ကြွေးညံအောင်
ရွှေစာရေးတံ လှူပွဲတော်နှင့်လေး။

စာရေးကြီး ဦးမောင်ကလေး

ဝါဆိုလဘွဲ့ (ရှစ်ဆယ်ပေါ်တေးထပ်)

ဝါဦးပြင်ပြင် သွင်တနဲ
မင်ခဲဈာန်ကြွ ပျံသကို
ဆင်မြဲရန်က တဉာဏ်ဖိုတယ်
မခံချင်ငို ညိုမတဲ့။
ကိုးတန်ခြုံလို့ သံလှုံ့ညီအောင်
အမ္ဗုန်ဝသီ ဖန်တီးနိုင်တော့ခဲ့။

မာလာပုန်းညက် ပွင့်မှန်ကူငယ်
မမူတမူ ခိုင်အနွဲ့။
မကြူ့တကြူ ကြိုင်တလှဲ့နှင့်
ဂနိုင်ပိုင်ချဲ့ ဘုရင်ခံ။
ဘက်နှုန်းမသွေ ဘွေကာသမှာ
တာရာဂဇ ငွေလပြုပ္ပါသဠ်။

သာစုံခတဲ့ သမျှမှန်ဝယ်
ပဝရနိဗ္ဗာန် ရည်သန်ပွားလို့
ငါးပဉ္စ သင်္ဂါယနာ
တင့်ထူးဧကရာ။
ရှင်တော်မြင့်နှင့် ပဉ္စင်လျာကို
သဘင့်မင်္ဂလာ မြှောက်ပြီးချိန်ပလေး။

စာရေးကြီးဦးမောင်ကလေး

နယုန်လဘွဲ့ (ရှစ်ဆယ်ပေါ်တေးထပ်)

မြူခိုးရှက်လိန် တိမ်တမြုံ့နှင့်
ထိန်မောင်းရဂုံ့ ရှုမကုန်
ဂိန်နှောင်းနယုန် ခုအကြုံဝယ်
ရတုသာပုံ သာစမြေ့။
ယုန်ငွေဇေဋ္ဌ တံငါ့ကြယ်ငယ်
တကွပြိုင်ဆွယ် ပျော်မြဲစံကြ၍။

ဖြန်းလေလှုံ့တဲ့ ပန်းခုံ့ဆီမှာ
နန်းသုံးစမ္ပီ ကြိုင်ဓလေ့။
မန်းသုံ့မဟီ လှိုင်အကြွေမို့
မပိုင်တဆွေ့ မှိုင်မရွှင်။
စာမေးထုတ်ပြန် နှုတ်သံညှင်းသည်
မုဋ္ဌာန်ခပင်း သစ်တဲ့ခါသဘင်။

အောင်သံကြွေးရင့် နွံစေးပြင်ဝယ်
ထွန်ရေးတော်ဝင် ရင်မည်ဆဲမှ
ပုလဲငွေဥ ရေထုတောင်လို
စွေသွန်းမယ်ထင့်ကို။
မြင်မတန့်မျှ ဘဝင်လန့်ဖိုအောင်
မင်ပန့်အညို ဟန်ကြီးကျယ်လှလေး။

စာရေးကြီးဦးမောင်ကလေး

ကဆုန်လဘွဲ့ (ရှစ်ဆယ်ပေါ်တေးထပ်)

ကြက်နန်းရဝေ ကြွက်ရွှေဘားနှင့်
ငွေငါးဗျာမန့် မြင့်တိမ်ဆီ
ထွေပြားကာခြံ့ ပဉ္ဇင်သီသည်
မင်ပန်းပန်းချီ ချယ်လှယ်တင့်။
ခုပြိုမသို့ မြူလွှာမှောင်တယ်
အသူရာမောင် မာန်ပျို့ချိန်မို့ထင့်။

နန်းစန္ဒိနှင့် ဖြန်းညှိဖြာသည်
နန်းဝိသာခါ တံငါပွင့်။
ကျမ်းရှိအလာ သမ္ဘာဝင့်လို့
အာကာတခွင့် သိန်တဂုဏ်။
ပယင်းချပ်လွှာ ညှာမြသား
စကားရွှေညှောက် လေသောက်ခါအကြုံ။

သောင်ငွေသဲတဲ့ ပုလဲရံဝယ်
မကွဲဆွေစုံ မောင်နှံငှက်တို့
တောင်ပံနွှဲရှက် ချစ်တင်းညီအောင်
သစ်လင်းသီဘွဲ့နှောင်။
မြှော်လေကြုံလို့ လွမ်းပုံ့ဆောင်တယ်
ကဆုန်ရွှေညောင် တော်သွန်းပေမို့လေး။

စာရေးကြီးဦးမောင်ကလေး

တန်ခူးလဘွဲ့ (ရှစ်ဆယ်ပေါ်တေးထပ်)

မြဝန်းရစ်ခွေ မြူခြေခြံ့သည်
ဆူကြွေတမန့် တာအကြုံ
မမူတမှုံ့ မှုံတမှုံငယ်
မအုံ့တအုံ အုံပြန်ရင်း။
ရွာဟန်ပြုနှင့် ခုသားထင်အောင်
မုသားပြင်ပြင် သီကျူးညံရက်လင်း။

ယုဂန်နန်းမြင့် လမ်းထိပ်သာမူ
စန်းစိတြာ ဆံကျင်မင်း။
နန်းမိတ်သဟာ သဘင်ကျင်းလို့
ယှဉ်ပြိုင်မယွင်း ထွန်းလျှံထိန်။
ရင်ခတ်လှော်ရွှေ ဂေါ်ငွေဝတ်ကိုလ
ဆေလေခူးဆွတ် ညွှတ်တဲ့သည်အချိန်။

သောင်းဓိပတိ မြတ်နရိန်လျှင်
နတ်သင်္ကြန်အိမ် စမ္ပါယ်မြန်းလို့
ရေဖျန်းဇေယတု အောင်မင်္ဂလာ
ကြည်နူးစေဘွဲ့ခါ။
ထုံရည်သန့်နှင့် မှုံနံ့ဖြာအောင်
ဘုံမန့်ကညာ ပျော်မြူးထွေလှလေး။

စာရေးကြီးဦးမောင်ကလေး

တပေါင်းလဘွဲ့ (တေးထပ်)

မိန်ရာသီ ခါပြောင်းလို့
လတပေါင်း တူညီ
ကြယ်ပြုဗ္ဗ ဘရဂုဏ္ဏီငယ်
ရောင်စုံချည် ရှက်သန်း။
သတ်ဝီသ ပါဒ်သုညာမှာ
ဘဝါးဆာယာ လေးခုသို့မြန်း။

ဗာတ္တိံသ ညဥ့်နာရီမှာ
အဋ္ဌစမ္မီ နေ့မှန်း။
ဖူးတံစီ ထွေဆန်းလို့
အင်ကြင်းပန်း ရွှေဖီ။
သဲစေတီ တည်စမြဲပေပ
သဘင်ပွဲ ဤလရာသီ။

ပဋ္ဌမပိုဒ် အစချီသည်
မကိုဋ်ညီ ဘုမ္မစိုးငယ်နှင့်
မြေနှင့်မိုဃ်း အလုံးစုံ
သိမ်းပိုက်လို့ခြုံ။
လာဘ်လာဘ ပြည့်စုံသည်
ဇာနည်ဂုဏ် ဉာဏ်မျိုးရှင့်လေး။

အမတ်ကြီးဦးပေါ်ဦး

တပို့တွဲလဘွဲ့ (တေးထပ်)

ကုံရာသီ ယှဉ်နွှဲလို့
တပို့တွဲ မာသာ
ဇောဝီသ ပါဒ်သုံးဖြာသည်
ဘဝါးပဉ္စာ ရိပ်ကြူး။
ပေါက်လဲပွင့် မာလာငယ်
သည်ချိန်ခါ သင်းပျံ့ပျံ့မြူး။

ဆတ္တိံသ ညဥ့်နာရီမှာ
ဇောစမ္မီ နေ့ကူး။
စည်ခရာ တံမြွာကျူးပါလို့
အလှူးထူးသဘင်။
နှစ်အစဉ် သွေမလွဲပြီဘု
မီးပုံးပွဲ သည်ရာသီတွင်။

ကြယ်မာဃ မြူးရွှင်သည်
စန်းငွေစင် သော်တာလနှင့်
မြဲနိစ္စ တူမကွာ
ပူးယှဉ်လျက်ပါ။
သန်းခေါင်ညဥ့် ချိန်ခါဝယ်။
ရှိန်အဝါ ထွန်းပါဘိလေး။

အမတ်ကြီးဦးပေါ်ဦး

ပြာသိုလဘွဲ့ (တေးထပ်)

လပြာသိုလ် မကာရမှာ
ကြယ်ဖုသျှ ယှဉ်လာ
ဒွါဝီသ ပါဒ်ဖြာငယ်
ရိပ်ဆာယာ ခြောက်ဘဝါး။
ဆတ္တိံသ ညဥ့်နာရီမှာ
ဇောစမ္မီ နေ့မှန်လျက်သား။

ထီးတရာ့ ဦးသျှောင်ငယ်
အာဏာရောင် စက်သွား။
ရန်တကာ ပယ်ရှား၍
တိမ်ညွှန့်စား မြင်းပျံ။
ရိန္ဒမာ လှံကိုစွဲပါလို့
မြင်းခင်းပွဲ သဘင်ခံ။

စုံတောဝ မြိုင်ယံမှာ
ဖူးပွင့်တံ ညှာသီရုန်းလို့
မင်းကေကုံး ဆင်ပါဆို
ပန်းမြခွာညို။
ကြငှန်းမြင့် နန်းတင့်တဲ့ပျိုရယ်
ပန်းပွင့်ကို ယူစမ်းပလေး။

အမတ်ကြီးဦးပေါ်ဦး

နတ်တော်လဘွဲ့ (တေးထပ်)

ဆောင်းဟေမန် ခါအလုမှာ
မြတ်ဓနု ရာသီ
နတ်တော်လ သိင်္ဂီငယ်
ဆစမ္မီ နေ့ကူး။
ဇောတြိ ညဥ့်နာရီမှာ
မိဂသီ မိုဃ်းလယ်ကမြူး။

နှစ်ဆယ်က တပါဒ်မှီသည်
ဘဝါးငါးလီ ရိပ်ကြူး။
ရွှေသဇင် ပင်ပေါ်ဦးက
ဖူးပွင့်စ စီစီ။
နတ်ဒေဝီ ဆိုသည့်ပွဲကိုလ
ခြိမ့်သဲအောင် ပြုပြန်တော့သည်။

နှင်းသတ်တဲ့ ကြည်ချည်မှာ
တကိုယ်ရည် အကုန်ဆွေးစေဘို့
နတ်ရေးတဲ့ ရွှေဖူးစာ
လွှဲချက်ကနာ။
စက်မယ့်သူ ဝေးကွာသည်
ရှေးကြမ္မာ ကံဟောင်းထင့်လေး။

အမတ်ကြီးဦးပေါ်ဦး

တန်ဆောင်မုန်းလဘွဲ့ (တေးထပ်)

မိုဃ်းဝသန် ချိန်ဆုံးလို့
တန်ဆောင်မုန်း ဗြိစ္ဆာ
ဘဝါးနှစ် စွန်းကာဝယ်
ကြတ္တိကာ ကြယ်မင်း။
ခဝဲပွင့် မာလာငယ်
သည်ချိန်ခါ မွှေးထုံပျံသင်း။

ဗာတ္တိံသ ညဥ့်နာရီ
အဋ္ဌ်စမ္မီ နေ့သွင်း။
မြောက်လေပြေ ဆော်ညှင်းလို့
အမင်းမင်း ရာဇာ။
ဉာတ်ကထိန် ခါသမယပေပို့
မဟာဒါန ပြုကြပေရှာ။

ဆယ်ရှစ်လုံး ပါဒ်သုညမှာ
သံသရာ နောင်အရေးကိုလ
ထောက်ထွေးကြံဆင်ခြင်
ကင်းလွတ်ကြောင်းအင်။
မြတ်ပုည အပေါင်းဆင်သည်
ကောင်းစွာပင် ပျော်ပွဲပလေး။

အမတ်ကြီးဦးပေါ်ဦး

သီတင်းကျွတ်လဘွဲ့ (တေးထပ်)

သောင်းဒီပါ ထိန်ညီးအောင်
ထွန်းဆီမီး ရောင်ညီ
သတင်းကျွတ် တူရာသီမှာ
အဿဝဏီ ကြယ်မင်း။
နေ့နှင့်ညဥ့် နာရီမှာ
သုံးဆယ်စီ မြဲမှန်ဘိခြင်း။

ဆဲ့ငယ်လုံး သုံးပါဒ်မှီတွင်
ကြာငါးမည် ကြိုင်သင်း။
ရာ့ထီးပိုင် ဘုရင်မင်းတို့
မြေနန်းရင်း ဗဟိုရ်။
ရွှေမြင့်မိုရ် တောင်တော်ပွဲကိုတဲ့
ခြိမ့်သဲအောင် ထွက်စံမြန်းကို။

တည့်သုံးဘဝါး ရိပ်ခိုဝယ်
ရင်စလို ရွှေခချပ်ကယ်နှင့်
အသားမြတ် ခိုင်နှစ်စုံ
ပန်းကြာပွင့်ငုံ။
မြင်ရသူ ဆတ်ဆတ်တုန်တယ်
မသေရုံ ကျန်ခဲ့ရှင်လေး။

အမတ်ကြီးဦးပေါ်ဦး

တော်သလင်းလဘွဲ့ (တေးထပ်)

ကန်ရာသီ အမည်ရ
သစ်ဆင်းလ မာသာ
သတ္တဗိသျှ ကြယ်မဟာငယ်
တူမကွာ ယှဥ့်သုံး။
ဗာတ္တိံသ နေ့နာရီမှာ
အဋ္ဌ်စမ္မီ ညဥ့်မှန်ငဲ့ဘုန်း။

ဆဲ့သုံးလုံး နှစ်ပါဒ်လွန်သည်
စည်ဗုဇွန် ဆော်ဟုန်း။
ပန်းမာ ညှာချီရုံးလို့
ပွင့်ကြထုံး အခါ။
တေးတျာ သံပြိုင်ချီးပါလို့
ဟီးတိုက်ကြ သူ့ထက်ငါသာ။

ဘဝါးနှစ် စွန်းခါဝယ်
များသေနာ ဗိုလ်ပေါင်းနှင့်
အောင်မောင်း စည်တော်စင်
ဟီးခြိမ့်ခြိမ့်ပင်။
လေးကျွန်းလုံး ထိပ်တင်ငယ်
ရေသဘင် စံမြဲရှင့်လေး။

အမတ်ကြီးဦးပေါ်ဦး

ဝါခေါင်လဘွဲ့ (တေးထပ်)

သိဟ်ရာသီ ဝါခေါင်လမှာ
သရဝဏ္ဏ တူညီ
ဆဲ့တလုံး တပါဒ်ချီသည်
ဆစမ္မီ ညဥ့်ကူး။
ဇောတြိ နေ့နာရီမှာ
သံစုံချီ မိုဃ်းတွေကမြူး။

ခတ္တာပန်း မိုဃ်းစွေငယ်
ညှာတံရွှေ ပွင့်ဖူး။
ရိပ်ဆာယာ ဧက်ကြူးလို့
ပွဲတော်ဦး သဘင်။
စာရေးတံ စီမံကြ
ဆန်းနိုင်မျှ သည်ရာသီတွင်။

လေးနန္တ နယ်ခွင်မှာ
တို့မယ်ခင် စံပြိုင်မဲ့သူမို့
စာဘွဲ့လို့ မပြည့်စုံ
နန်းကြာရိပ်လှုံ။
မိုဃ်းဝဿ အမ္ဗုန်ငယ်
မာန်တဂုဏ် ပျိုးလိုက်လှလေး။

အမတ်ကြီးဦးပေါ်ဦး

ဝါဆိုလဘွဲ့ (တေးထပ်)

လဝါဆို မည်နာမ
ကာရက္ကဋ ရာသီ
ကိုးလုံးပြည့် ပါဒ်သုံးမှီသည်
ဇောစမ္မ ညဥ့်ကူး။
ဆတ္တိံသ နေ့နာရီမှာ
အာသဠီ မိုဃ်းလယ်ကမြူး။

ဘဝါးသုည မပေါ်ပါသည်
ပဉ္စင်းလျှာ အထူး။
ဉာတ်ကမ္မဝါ ယှဉ်ပူးလို့
သိမ်တော်ဦး အလယ်။
သာသနာ ဆင့်ဆင့်တိုးအောင်လို့
ကြိုးစားကြ မြတ်သာကိနွယ်။

ရဝေကြော့ ဘုံလယ်မှာ
ရင့်စပယ် ပင်ကိုယ်ထွားငယ်တို့
မြိတ်ဖါးဖါး ဆံကေသွယ်ကာ
ရုံးတင်လို့သာ။
ပုန်းညက်ပွင့် မာလာငယ်
ဆင်တော်ရာ ရွှေပန်းပလေး။

အမတ်ကြီးဦးပေါ်ဦး

နယုန်လဘွဲ့ (တေးထပ်)

လနယုန် မေထုန်အကျ
ကြယ်ဇေဋ္ဌယှဉ်လာ၊
ခြောက်လုံးနှင့် သုံးဒါဒ်ဖြာသည်။
ဆစမ္မာ ညဥ့်တွင်း
ဇောတြိ နေ့နာရီမှာ
ဉာဏ်ဇာနည် မျိုးမှန်ကလင်း။

မြတ်လေးပွင့် ငွေစပယ်ငယ်
ရှစ်ရပ်နယ် ပျံသင်း။
ရိပ်ဆာယာ ဧက်ကြွင်းမို့
မြတ်ရှင်ရင်း သံဃာ။
သုဓမ္မာ သာလာယမှာတဲ့
မေးဖြေကြ သူ့ထက်ငါသာ။

သည်တော့မှ မြညှာငယ်
ရွှေဖူးစာ ခိုင်ခိုင်မြဲရအောင်
စာပွဲတော် သည်သဘင်
ရှိဦးပန်ဆင်။
နတ်မာဃ သေနင်ငယ်
ပြင်ဆင်တော် မူမြဲထင့်လေး။

အမတ်ကြီးဦးပေါ်ဦး

ကဆုန်လဘွဲ့ (တေးထပ်)

ခါပြိဿ ကဆုန်လမှာ
ဝိသာခ ယှဉ်မှီ၊
ဗာတ္တိံသ နေ့နာရီမှာ
အဋ္ဌ်စမ္မီ ညဥ့်ကူး။
လေးလုံးပြည့် နှစ်ပါဒ်လွန်သည်
မေဃဝန် မိုဃ်းသံကမြူး။

ပန်းပိတောက် မာလာငယ်
ရွှေစကဝါ ပွင့်ဦး။
ခိုင်ညှာတံ ရှက်ကူးလို့
ဆွတ်ခူးစို့ မောင်မယ်။
မြတ်စိန္တေ ရှင်တော်ဖျားမှာလ
ဝပ်တွားလို့ ရှိပန်ဆင်ရွယ်။

ဘဝါးနှစ် စွန်းကယ်သည်
သွင်နက်နွယ် ခင်လေးနှင့်
မွှေးနိုင်မျှ မေတ္တာရေ
သွန်းလို့မပြေ။
နွေရွန်းသစ် ဂိမှေငယ်
သွန်းညောင်ရေ ပွဲပေထင့်လေး။

အမတ်ကြီးဦးပေါ်ဦး

တန်ခူးလဘွဲ့ (တေးထပ်)

ဆဲ့နှစ်လီ ဒွါရမှာ
ခါမိဿ ရာသီ၊
ယင်းအစ ဦးချီသည်
လတွင်မည် တန်ခူး။
စိတြကြယ်ပြောင်ရယ်
ညဥ့်သန်းခေါင်ကျခါမှမြူး။

နေ့နှင့်ညဥ့် နာရီဝယ်
သုံးဆယ်စီ မကြူး။
နှစ်လုံးညီ တပါဒ်ကူးလို့
နှစ်သစ်ဦး အခါ။
ပန်းဂန့်ကော် ရွှေရင်ကတ်ကယ်တို့
ဖူးပွင့်ချပ် စီလို့သာဖြာ။

ထည့်သုံးဘဝါး ရိပ်ဆာယာမှာ
တူမကွာ မောင်မယ်နွှဲလို့
မြတ်သည့်ပွဲ သင်္ကြန်တော်
တီးခြိမ့်ခြိမ့်ကျော်။
ထီးကမ္ဗု ရိပ်ပျော်ဝယ်
ခေါင်းလျှော်တော် မူမြဲထင့်လေး။

အမတ်ကြီးဦးပေါ်ဦး

တပါင်းလဘွဲ့ (လွမ်းချင်း)

မြိုင်ခြေငယ်သင်းပါလို့
အင်ကြင်းငယ် ရွှေဖီ
ဝတ်မှုံငယ်စီသည်
မြစ်နဒီသောင်တခိုက
မောင်မယ်ညိုမြူးပြန်တော့တယ်လေး။

ရာသီမိန်ငယ်
ဂိမှန်ရက်ပြောင်း၊ လတပေါင်းမို့
ရွက်ဟောင်းကြွေခါ၊ ဥတ္တရာနှင့်
ပြုဗ္ဗာပရပိုက်၊ လေးချက်ချိန်ကို
တိမ်ခြေဆိုက်လို့
စရိုက်ကယ်ဘွေရှာ၊ ကိုတံငါလဲ
ဘာသာသောင်တင်
ပျော်မြူးသာ ရွှင်တော့တယ်
သဘင်လခါမှီကို
သဲစေတီ ငွေသောင်ကမ်းက
လွမ်းလှတယ်လေး။

ဘိုးသူတော်ဦးမင်း

တပို့တွဲလဘွဲ့ (လွမ်းချင်း)

ညံလို့သာသဲတော့တယ်
ပေါက်လဲငယ်ပွင့်ရံ
ထိန်ထိန်ငယ်လျှံသည်
ဆက်ရက်သံစာစာနှင့်
ငှက်ညီလာကျင်းတဲ့ လကိုလေး။

ကုံဟေမန်ငယ်
သင်္ကြံန်သွင်းမြဲ၊ တပို့တွဲမို့
မင်းပွဲရွှင်ပျော်၊ ယာဂုတော်နှင့်
ကြွေးကြော်ဆင်ပြင်
လွမ်းဘို့သာ မြင်တော့တယ်
ကောင်းကင်မြင့် တိမ်ဆီမှာ
ကြယ်မာဃီရောင်စုံကျင်းလို့
လင်းလှတယ်လေး။

ဘိုးသူတော်ဦးမင်း

ပြာသိုလဘွဲ့ (လွမ်းချင်း)

တိမ်ခြေငယ်ရှင်းပါလို့
မြူနှင်းငယ်စိုစို
လပြာသိုလ်
နွယ်ခွာညို ကြိုင်ကြိုင်နှင့်
လှိုင်လှိုင်သင်းတဲ့ လကိုလေး။

ရောင်သိင်္ဂီငယ်
ကြယ်ညီဖုသျှ၊ မကာရမို့
အမရဦးကင်၊ နန်းရင်ပြင်မှာ
လှရင်မြင်းခင်း၊ သဘင်ကျင်းလို့
ရာမင်းထွက်စံ
ဗိုလ်ညီလာခံသောခါ
ဆဒ္ဒန်ပိုင့်ပြောင်မွန်မှာ
အောင်တံခွန် တေဇာမြူးပါလို့
ထူးလှတယ်လေး။

ဘိုးသူတော်ဦးမင်း

နတ်တော်လဘွဲ့ (လွမ်းချင်း)

ရှုလေတိုင်းကိုတဲ့
ဝေမှိုင်းငယ်ဖြာဖြာ
လေညှင်းငယ်လာသည်
ဖော်မပါ တူမစုံလို့
လွှာခြုံဧပြန်တော့တယ်လေး။

ဆဲ့နှစ်ဖြာငယ်၊ ရာသီဓနု
ရွှေဟင်္သာလည်း၊ တာရာပြုလို့
ဇေယျချယ်ဗြဟ္မာ
ဟေမန်ခါမို့
မဟာပိန္နဲ၊ နတ်မင်းပွဲမှာ
ကျွေးမွေးပူဇော်၊ လနတ်တော်ကို
ရှုမြှော်တိမ်ဆီ၊ မိဂသီလဲ၊
ခါညီညဥ့်လယ်
ထွန်းရောင်ချယ်သောခါ
နယ်အမရဦးကင်မှာ
ဂမုန်းအင်သဇင်မင်းငယ်က
သင်းလှတယ်လေး။

ဘိုးသူတော်ဦးမင်း

တန်ဆောင်မုန်းလဘွဲ့ (လွမ်းချင်း)

မြောက်လေငယ်သွင်းပါလို့
မြူနှင်းငယ်စိုစို
မြင်တိုင်းငယ်ပျိုသည်
ရွှေကျီးညိုတာရာနှင့်
ကြတ္တိကာထွန်းတဲ့ လကိုလေး။

တန်ဆောင်ငယ်မာသ
ဆနှစ်လတွင်
ချမ်းမြဧရင်၊ ပြိစ္ဆာခွင်သို့
ရင်ငယ်ပြောင်းခွာ၊ ခဝဲညှာလဲ
ခိုင်လွှာဝတ်မှုံ
ရနံ့သာထုံတော့တယ်
ဘုန်းဂုဏ်ကြော့သမ္ဘိန်မှာ
လှူကထိန် သဘင်ခင်းလို့
ကျင်းကြတယ်လေး။

ဘိုးသူတော်ဦးမင်း

သီတင်းကျွတ်လဘွဲ့ (လွမ်းချင်း)

လှိုင်လို့သာသင်းတော့တယ်
ကန်းမင်းငယ်နန္ဒာ
လျှံဝင်းငယ်ဖြာသည်
ပွင့်ရွှေကြာ မြိုင်မြိုင်နှင့်
ကြိုင်ကြိုင်သင့်တဲ့ လကိုလေး။

တူရာသီငယ်
အဿဝဏီကြယ်မြတ်
ကျီးမင်းသိန်လဲ၊ ရောင်ရှိန်လျှပ်လို့
သုဒသ်ကဲ့နန်းလို
မီးမြင့်မိုရ်နှင့်
ဝါဆိုကင်းလွတ်၊ သီတင်းကျွတ်မို့
ဘုံထွတ်ကယ်ဦးကင်
ပွင့်စမ္ပယ်ရွှင်သောခါ
တိုင်းခွင်ကြီးအောင်ချာမှာ
ဆီးမီးရောင် ထိန်ဝါဝင်းလို့
လင်းလှတယ်လေး။

ဘိုးသူတော်ဦးမင်း

တော်သလင်းလဘွဲ့ (လွမ်းချင်း)

ရေယဉ်စန်းငယ်နှင့်
သောင်ကမ်းငယ်ပြည့်လျှံ
မြစ်လုံးငယ်ညံသည်
လှော်တက်သံမြိုင်မြိုင်နှင့်
လှေပြိုင်ကျင်းတဲ့ လကိုလေး။

ကန်ရာသီငယ်
ခါမှီသင့်စွာ၊ ဘွေအာကာတွင်
ပြုဗ္ဗာပရပိုက်
ကြက်ညီနောင် တောင်တဝိုက်
ရေလိုက်ကဲ့သဘင်
စံပယ်ရွှင်သောခါ
မြိုင်ခွင်လုံးကန္တာမှာ
ရွှေယင်းမာ ပန်းတော်မင်းငယ်က
သင်းလှတယ်လေး။

ဘိုးသူတော်ဦးမင်း

ဝါခေါင်လဘွဲ့ (လွမ်းချင်း)

မြှော်ရောင်သာပန်းတော့
တောင်ကမ်းတဲ့ပြည့်လျှံ
နဒီငယ်ခြံသည်
ပြည်မင်းစံရွှေဘုံက
အကုန်ထူးတဲ့ လကိုလေး။

ရာသီသိဟ်ငယ်
နေမိန္ဒရ၊ ဝါခေါင်လမို့
တောင်မြတ်ထွတ်စွန်
သရဝဏ်လည်း၊
ရောင်ဝှန်တေဇာ၊ ပန်းခတ္တာနှင့်
ခိုင်ညှာပွင့်ကြူ၊ တိုင်းပြည်သူတို့
လှူစာရေးတံ
သဘင်စုံ ခံဆဲမို့
လွန်းရန်ဘွဲ့သည်ချိန်ကို
ဒေဝရိန်ပဇ္ဇုန်မှူးငယ်က
မြူးလှတယ်လေး။

ဘိုးသူတော်ဦးမင်း

ဝါဆိုလဘွဲ့ (လွမ်းချင်း)

ကိုးခွင်ငယ်မှိုင်းပါလို့
မြစ်တိုင်းမှာတဲ့ ဆိုင်းလို့ညို
လဲ့လဲ့ငယ်စို။
ယုဂန္ဓိုရ် တောင်မဟာက
ပြုဗ္ဗာသဠ်ထွန်းတဲ့ လကိုလေး။

ဆင်တာရာငယ်
ခါညီကြဋ် နရိန္ဒာလဲ
ညာတောင်နတ်နှင့်
ဖိုဖြတ်ကဲ့နိဗ္ဗူ၊ အောင်ဆုယူလို့
ရှစ်ဖြူရိပ်စံ
ပဉ္စင်းတော်ခံသောခါ
ရေလျှံတဲ့ဝါဆိုမှာ
ပုန်းညက်ညို မာလာမင်းက
သင်းလှတယ်လေး။

ဘိုးသူတော်ဦးမင်း

နယုန်လဘွဲ့ (လွမ်းချင်း)

နတ်စည်ငယ်ရွမ်းပါလို့
ရိုက်မွှမ်းငယ်သံစုံ
ကမြူးငယ်ခုံသည်
လနယုန် သည်ချိန်မို့
မြူတိမ်လွှာ ဆိုင်းပြန်တော့တယ်လေး။

ရာသီမေဓ၊ ဆဲ့နှစ်လမို့
ဇေဋ္ဌပြောင်ရှိန်
တောက်လောင်ငယ်ထိန်သည်
ရာဇိန္ဒနတ်၊ ပိဋကတ်မှာ
မပြတ်ကယ်ထွက်စံ
စာညီလာခံသောခါ
ဗိုလ်ခြံတဲ့ ရွေလယ်မှာ
ငွေစပယ်ဖြူမလေးက
မွှေးလှတယ်လေး။

ဘိုးသူတော်ဦးမင်း

ကဆုန်လဘွဲ့ (လွမ်းချင်း)

မြူခြေငယ်စွန်းပါလို့
နေဝန်းငယ်စက်ရှိန်
တောက်လောက်ငယ်ထိန်
ဖလ်သူရိန် တေဇာကြောင့်
ပူဗျာပါကဲတဲ့ လကိုလေး။

ရာသီငယ်ပြိဿ
မဟေသီ ရွှေညီခလို
ပန်းမြစကားဝါ၊ ဝိသာခါနှင့်
တာရာခြံရံ
စန်းငွေယုန်ဖန်သည့်နှယ်
ဆဒ္ဒန်ပိုင် ဘွေပုံမှာ
လကဆုန် ညောင်ရေပွဲပေမို့
သဲလှတယ်လေး။

ဘိုးသူတော်ဦးမင်း

တန်ခူးလဘွဲ့ (လွမ်းချင်း)

ထပ်ထပ်သာစောတော့
မြကြောငယ်ရစ်ဆီ
ကိုယ်ဖူးငယ်စီ
ပွင့်သိင်္ဂီ ရွှေရင်ကတ်ကယ်တို့
ရှစ်ရပ်ကယ် နယ်တခိုက
စိုးလှတယ်လေး။

နွေခါမှီငယ်
ရာသီမိဿ၊ ဂိမ္မန္တမို့
စိတြကြယ်၊ တိမ်မိုးလယ်မှာ
စမ္ပယ်ကွန့်ခါ၊ ဗွေအာကာတွင်
ဒေသဇာလှမ်း
လှည့်လည်ငယ် မြန်းလို့
နှစ်ဆန်းငယ် သင်္ကြန်
သစ်သစ်သာဖန်တော့တယ်
နိုင်ငံကြော့ပြည်သူမှာ
ပန်ဆုယူ တာရေသွန်းချိန်မို့
လွမ်းလှတယ်လေး။

ဘိုးသူတော်ဦးမင်း

တပေါင်းလဘွဲ့

ပြာရောင်သာလှိုင်းတော့၊ ရှုတိုင်းငွေနှစ်နှင့်၊ မြူသစ်မှောင်။

နှစ်ဆဲ့ခုနှစ်လီ၊ ပါဒ်ပြည့်မှီ၊ ရာသီမိန်လက်၊ ဆန်းသည့်ရက်ဝယ်၊ လက်ချက်ကယ်ညောင်၊ ဥဒေါင်းဆောင်လဲ၊ အခေါင်တည့်မတ်၊ ယုန်ပြသာဒ်နှင့်၊ ကြယ်မြတ်ဥတ္တရာ၊ ချိန်တာရာတို့၊ ရစ်ခါလှုံသည်၊ အာကာဘုံ၊ တဂုဏ် သစ်ပေငဲ့၊ ထွန်းမြူသစ်ရောင်။ 

ဂိမှန်နွေဝယ်၊ စုံမြိုင်မြသား၊ လေချိုရှားသည်၊ စုလျားသိုက်ပြင်၊ ငှက်ကျေးရွှင်လို့၊ တောင်ဆင်ရဲရည်၊ ရဂုံ ကြည်က၊ သီသံပြိုင်ငယ်၊ ဂနိုင်ရိပ်ခန်းခိုပေနှင့်။

ရွှေဖီငုံရင့်၊ ပင်တိုင်းပွင့်လို့၊ နန်းမြင့်ဘုံလယ်၊ ရိပ်ကြီးမယ်လဲ၊ ကေသွယ်မြိတ်ရှင်၊ ယဉ်တိုင်းဘဲဆင်ကြတယ်၊ ငွေစင်လသောင်ညီမှာ၊ သဲစေတီ သဘင်ချီးခါမို့၊ လွမ်းဖီခွေသင့်။

ဉာဏ်ဝန်ကြီး ဦးဖြေ

တပို့တွဲလဘွဲ့

ဆွတ်ဆွတ်သာပျိုးတော့တယ်၊ မြူးခိုးငယ်ငွေနှစ်နှင့်၊ လေသစ်ဆင်။

နှစ်ဆဲ့လေးလီ၊ ပါဒ်သုံးငယ်ချီသည်၊ ရာသီကုံလက်၊ ယင်းသည်ရက်ဝယ်၊ ကနက်ကယ်စံဆောင်၊ ယုန်နန်း ညောင်နှင့်၊ ကြယ်ပြောင်မာဃ၊ နှစ်နန်းသလို့၊ ဘာရပဇ္ဇုန်၊ ထွက်ရိပ်ကယ်ဆုံကြတယ်၊ ပုဏ္ဏမီရက်ချိန်မှာ၊ စက် အာဟိန်သာဘွဲ့ရွှန်းလို့၊ ဘက်ဝန်းအာကာနွဲ့အောင် မှိုင်းဖွဲ့တိမ်ပြင်။

ရာသီဝယ်သာစွာ့၊ ခါသည်လမှာ၊ နဂါးရင်ငွေ့၊ ဂဠုန်မွေ့လို့၊ သပြေ့လက်ပံ၊ ဝှက်ကျံကျံနှင့်၊ ငုံလျှံပေါက်ဝါ၊ ပင် လုံးဖြာလို့၊ လူးလားသောက်ချို၊ ပျားကွန်းထောက်ခိုတော့ပ၊ ဖိုမယ်ကြင်ငယ်၊ သဘင်မြိုင်ပွဲက၊ ပျော်စလှည့်။

စုံခြေငယ်ခပင်း၊ ကုံရေငယ်သင်းသည်၊ မိုဃ်းကြွင်းလေကျန်၊ တညံညံ၊ ပဿံအတာ၊ သည်အခါဝယ်၊ ပွဲယာဂု လှူ၊ ပြည်လုံးဘဲဆူတော့တယ်၊ ထုံကြူတဲ့ဘွေပုံမှာ၊ ထပ်ဆယ်ခြုံလှူံရင်ဝေးသို့တို့၊ ဧစိမ့်သေချည့်။

ဉာဏ်ဝန်းကြီး ဦးဖြေ

ပြာသိုလဘွဲ့

လေချိုသာသွန်းတော့တယ်၊ ငွေဝန်းကြူပွင့်နှင့်၊ မြူဆင့်ကာ။

နှစ်ဆဲ့နှစ်လီ၊ နှစ်ပါဒ်ကယ်ချီသည်၊ ရာသီပြာလ၊ မကာရမှာ၊ ဖုသျှကြယ်ပြောင်၊ ဝန်းတန်ဆောင်နှင့်၊ သန်းခေါင် ပုဏ္ဏမီ၊ စက်ဝန်းဘဲမှီကြတယ်၊ ဗာဟီရလမ်းပြင်မှာ၊ ရွှေသမင်တာရာမြူးလို့၊ တိမ်ဦးတောင်ယံကွေ့မှာ၊ ချမ်းမြေ့ ရောင်ဝါ။

ရာသီငယ်သာမြေ့၊ ခါဓလေ့မှာ၊ သပြေ့ဦးကင်၊ ရာဘုရင်လဲ၊ သဘင်ကျင်းခံ၊ မြင်းခင်းစံဟု၊ အလျှံကိုးထွေ၊ ဖြိုး သရေနှင့်၊ မိုဃ်းမြေနိမ့်ယောင်၊ ထမ်းပင်ဆောင်လို့၊ ပျံခေါင်မာတင်၊ မျှို့ဦးကင်ထက်၊ ဗိုလ်ဝင်ထွက်ပေါ်၊ မနော လဲပျော်တော့ပ၊ ဘော်ရံကာငယ်၊ မဟာမှူးပုံမတ်ရံက။

ခွာညိုငယ်နွယ်ပန်း၊ နှင်းထက်လန်းမှာ၊ မြပန်းသဇင်၊ ဂမုန်းအင်လည်း၊ ဦးကင်မှာဝယ်၊ ဆက်ရောက်လှယ် နှင့်၊ နန်းမယ်လေသူ၊ ဆောင်ရိပ်ဖြူက၊ နတ်မူမကန်၊ ဆင်းကုံးပန်လျက်၊ ဧကနံခြုံ၊ ရထည်လှုံလို့၊ နေရုံဆည်း ဆာ၊ ပျော်ပါရှားလိမ့်မယ်၊ ဟေမာလရက်မှန်မှာ၊ ဆက်သင်္ကြံဦးကင်ဖွင့်နှင့်၊ ရွှန်းတင့်ပေလှ။

ဉာဏ်ဝန်ကြီး ဦးဖြေ

နတ်တော်လဘွဲ့

ငွေရည်သာကျင်းတော့တယ်၊ ဆီးနှင်းမှုံနှစ်နှင့်၊ ထုံရစ်ချယ်။

နှစ်ဆယ်အညီ၊ တပါဒ်ကယ်ချီကယ်၊ ရာသီဓနု၊ ခါရတုဝယ်၊ ဣန္ဒုစန်းဆောင်၊ ကြငှန်းညောင်နှင့်၊ ကြယ်ပြောင် မိဂသီ၊ တည့်မွန်းညီလို့၊ ရေမှီတံငါ၊ ဗျိုင်းတာရာလဲ၊ အဝေါရောင်လျှံ၊ နှစ်နန်းစံကြတယ်၊ ယုဂန်ကြော့ တောင် ယံမှာ၊ မှောင်ပြတန်လေချိုနွှဲလို့၊ ပုလဲချပ်ရောင်ညွန့်နှင့်၊ လွန်းကွန့်ထပ်လှယ်။

သာသနာဝယ်၊ မကွာစောင့်မှတ်၊ ရန်မျိုးပြတ်သည်၊ နတ်ကြီး စောဖျား၊ ခေါင်ထွတ်ထားလည်း၊ ရထားစက် တင်၊ ပွဲသဘင်ကို၊ နွှဲယှဉ်ထွက်စံ၊ ဗိုလ်ရှုခံလျက်၊ မြန်သပြေပိုင်၊ မုနောလဲပြိုင်တော့ပ၊ ရှစ်ဆိုင်နွယ်ငယ်၊ စမ္ပယ် နန်းမြင့်ဦးကင်က။

တောတောင်ဖြာညှို့၊ ဆီးရည်ပျို့သည်၊ သည်သို့အခါ၊ သည်ဂေါဇာဝယ်၊ ရွှေမလ္လာဆန်း၊ စိုနှင်းပန်းကို၊ ကြငှန်း ခေါင်ဘွေ၊ ရိပ်ကြီးနေတို့၊ ပန်ချွေကုံးဆင်၊ ညှာရိုးဘဲယင်ကြတယ်၊ သဘင်လဟေမာမှာ၊ ဘွေအာကာ ပဇ္ဇုန်မွန်း ငယ်တို့၊ ကျွန်းလိမ့်ပေစွ။

တန်ဆောင်မုန်းလဘွဲ့

ကြင်ဘွယ်သာလှိုင်းတော့တယ်၊ ရှုတိုင်းဆယ်ထပ်က၊ ချယ်လျှပ်ရောင်။

ဆဲ့ရှစ်ကယ်လုံးညီ၊ ပါဒ်ပြည့်ငယ်မှီသည်၊ ရာသီကဏ္ဍ၊ ဒုတိယဟု ဗြိစ္ဆာ့ဝေါဟာ၊ သရဒါမှာ၊ စကြာဖလ်မြတ်၊ ယုန်ပြသာဒ်နှင့်၊ ကြတ္တိကကြယ်၊ တည့်မွန်းဆွယ်လို့၊ ရောင်နွယ်ယှဉ်ခါ၊ မြင်းတာရာလဲ၊ အာကာဘသွန်၊ သနားဘွယ်လွန်တော့တယ်၊ ဘုန်းမွန်ကြော့ယဉ်ဆောင်မှာ၊ မြင်အောင်လေသီသီကူးလို့၊ တောင်ဦးယုဂန်မြင့် မှာ၊ မြန်းတင့်အခေါင်။

ရုက္ခမှီငယ်၊ ဝါဒီမြတ်လေ့၊ ဓူတင်မွေ့သည်၊ တပသီကျော်၊ တောရပ်ပျော်တို့၊ လူ့ဘော်ယှဉ်ခါ၊ ဂါမဝါဟု၊ အရိယာမျိုး၊ သူတို့ကြိုးသည်၊ မဆိုးမစိမ်၊ ဖန်ရည်မှိန်လျက်၊ ကထိန်သကူ၊ ပွဲတော်မှာဆူတော့ပ၊ လှူတန် ဆောင်ငယ်၊ ရွှေရောင်ထွန်းညိသဘင်နှင့်။

ကျစည်ငယ်ဖြိုးလျက်၊ နတ်နိုးရက်မှာ၊ တောင်စက်ကယ်ဖျော့တော့၊ ဘွေပြော့ပြော့နှင့်၊ တောတောင့်ခန်းဝါ၊ တနန်းမှာလဲ ရောင်ဝါခဝဲ၊ ခိုင်းချင်းနွှဲသို့၊  ငှက်ပွဲတော်ကြင်၊ သိုက်စုလျားပြင်ကတယ်၊ သို့စင်ပွဲသာခေါင်ကို၊ ကြာ ဘွေဆောင်တဘော်မွေ့ငယ်တို့၊ လွမ်းကြွပွေဆင့်။

ဉာဏ်ဝန်ကြီး ဦးဖြေ

သီတင်းကျွတ်လဘွဲ့

ဆွတ်ဆွတ်သာကုံးတော့တယ်၊ သက်လုံးရောင်ညို့တဲ့၊ မှောင်မို့သည်။

ဆဲ့ငါးလုံးမှီ၊ သုံးပါဒ်ကယ်ညီသည်၊ တူရာသီလ၊ ဝေါဟာရမှာ၊ ဂြဟစန္ဒာ၊ ဂြိုဟ်စကြာနှင့်၊ အဿဝဏီ၊ နက္ခတ် မှီလို့၊ နာဂီတာရာ၊ ရောင်ညီဘဲသာတော့တယ်၊ သည်ဝါလကျွတ်ချိန်ကို၊ ကသစ်အိမ် မေရုကြောငယ်က၊ မြတ်စောဆွေသနင်းတို့၊ ဆင်းကြွပြန်လည်။

ဘာသဘင်ဝယ်၊ ရာခင်မှန်ပု၊ စောရန်ရှုလဲ၊ တောင်ဦးဗဟို၊ ပွဲမြင့်မိုရ်ဟု၊ ဟိုယံတခွင်၊ နန်းလွှတ်ပြင်သို့၊ ဗိုလ်ဝင်ရှုခံ၊ ရွှင်ထွက်ခံက၊ အလျှံပြောင်ပြောင်၊ မိုဃ်းလုံးပင်လောင်သည့်နှယ်၊ ဘုန်းခေါင်စုဠာ၊ ကြွယ်ဆုဘဲ သာကြတယ်၊ ဝါလျှံခြည်ငယ်၊ စံရည်နှိုင်းဖွဲ့လွမ်းစေဘို့။

ရွှေကြာငါးဆင့်၊ ငုံကားပွင့်သည်၊ ကန်အင်းအနေ၊ သာစတေမှာ၊ ကြည်းရေဆွတ်ဘွယ်၊ အသွယ်သွယ်ကို၊ ဘော်ဝယ်မဲ့မောင်၊ သလင်းညောင်က၊ ဆိုရောင်စောလယ်၊ ဗျာမောဘွယ်ကြွယ်တော့၊ ရှစ်နယ်လုံးတိုင်း အောင်မှာ၊ မှိုင်းပြာမှောင် တောင်ရံလိမ်းလို့၊ စိမ်းငဲ့မင်သို့။

ဉာဏ်ဝန်ကြီး ဦးဖြေ

တော်သလင်းလဘွဲ့

ပြာပုံသာပျိုးတော့တယ်၊ မှင်ခိုရောင်လျှပ်လို့၊ တောင်ထပ်ဆီ။

ဆဲ့သုံးစွန်းညီ၊ နှစ်ပါဒ်ကယ်မှီသည်၊ ရောသီကန်မြတ်၊ စတုရပ်မှာ၊ နလတ်ကယ်စန္ဒာ၊ နိသိန္နာနှင့်၊ ပြုဗ္ဗာပရ ပိုက်၊ နှစ်နန်းဆိုက်တဲ့၊ အမြိုက်ကယ် ရောင်နွယ်၊ ကေဝဋ်လယ်လဲ၊ ပြိုင်ဆွယ်ယှဉ်ကာ၊ ရှုတိုင်းဘဲ သာတော့တယ်၊ အာကာပုံ့တိမ်တောင်မှာ၊ ချိပ်ရည်ရောင်နီလာဆိုင်းလို့၊ တပိုင်မိလ္လနုမှာ၊ ပန်းထုပြောက်ချီ။

နရိန္ဒာငယ်၊ ဣန္ဒာမန္ဓာတ်၊ သောင်းလုံးနတ်လဲ၊ ပြသာဒ်ကယ်ရောင်ဝှန်၊ ပြည်ကြီးမွန်ထက်၊ လေသွန်မြူးခံ၊ မတ်ပေါင်းရံနှင့်၊ ရွှင်စံမွေ့လျှော်၊ ရေသဘင်ပျော်ဆဲမို့၊ လှော်ပြိုင်ချင်းစုံ၊ မြစ်လုံးဘဲ တုန်တော့ပ၊ သုန်လေချို ငယ်၊ ရေညိုသင်ဖျူးကခင်းသနှင့်။

တောတောင်ငယ်ညိုရင့်၊ စုံတိုင်းငယ်တင့်သည်၊ ပင်မြင့်မြင့်မာ၊ ထုံသင်းစွာနှင့်၊ မာလာရွှေခိုင်၊ အဆိုင်ဆိုင် ကို၊ ပင်တိုင်ဝေယန်၊ ဆော ကြီးစီစံတို့၊ နတ်ဟန်ကုံးသင်၊ ညှာရိုးဆင်လျက်၊ တပင်လေသာ၊ ဆောင်ရွက်ကြာ နှင့်၊သက်ရာတမ်းဆို၊ နန်းချင်းသံချိုလိမ့်မယ်၊ မယ်ညိုကြော့ငှက်မောင်လဲ၊ တောင်ရှက်ချွေ၊ ရေယဉ်မြူးလို့၊ ထူးကြပျော်သင့်။

ဝါခေါင်လဘွဲ့

ဘဝင်သာနိုးတော့တယ်၊ မှင်ခို ရောင်ရင့်နှင့်၊ မှောင်ပွင့်ချယ်။

ဆဲ့တလုံးညီ တပါဒ်ကယ်စီသည်၊ ရာသီသိဟ်မြတ်၊ များနက္ခတ်လဲ၊ ပြသာဒ်ကယ်ဆောင်ဖြူ၊ သီတဂူနှင့်၊ ရည်တူ ထွန်းကာ၊ တည့်မွန်းသာလို့၊ တာရာဆံကျင်၊ နန်းပြိုင်ဘဲ ယှဉ်ကြတယ်၊ ဗျာအင်အိ ဖလ်ဆောင်မှာ၊ ဘွေလယ် ခေါင်သီသီလျှောလို့၊ အန္တောရှည်ခရီးမှာလ၊ ညီတော့ရောင်နွယ်။

သဘင်ခုံမြောက်၊ ချင်းစုံကောက်သည်၊ တလျှောက်ကယ်ငွေရည်၊ ဖလ်လျှပ်ခြည်နှင့်၊ နတ်စည်လူးလာ၊ ကြူး သည့်ခါဝယ်၊ စာ စာရေးတံ၊ စည်းဝေးဘန်လို့၊ နိဗ္ဗာန်ဆွေနည့်၊ သူမွန်းတည့်ကာ၊ ရည်သဒ္ဓါပုံ၊ ဆုကြီးဘဲ ကြုံတော့တယ်၊ သို့တုံမျှခါဝယ်၊ ဘုန်းကြွယ်ဆွေမဲ့သူတို့၊ နွမ်းဘွယ်လှည့်။

ရေတောင်ငယ်ပြည့်လျှမ်း၊ သောင်တင်းကျမ်းနှင့်၊ မှည့်ထမ်းရွှေညှာ၊ ပင်ခတ္တာလဲ၊ ချပ်လွှာသင်းထုံ၊ ညွှန့်သစ် ရုံလို့၊ ရွှေမှုံပန်းတော်၊ ဆင်တိုင်းဘဲ လျှော်တော့တယ်၊ ပျော်စဘွယ့်ရာသီမှာ၊ ညှာမညီ၊ တဘော်ဝန်းငယ်တို့၊ လွမ်းဆွတ်ရှာချည့်။

ဉာဏ်ဝန်ကြီး ဦးဖြေ

ဝါဆိုလဘွဲ့

ခါရတုမှာလ၊ ပြာနုမှောင်ရိပ်နှင့်၊ ရောင်ဖိတ်ဝှန်။

ကိုယ်လုံးငယ်ပါဒ်စီ၊ ပြည့်ဝန်းငယ်ချီသည်၊ ရာသီကဏ္ဍ ကရကဟု၊ ရက်လဝါဆို၊ ဥဒေါင်းညိုလဲ၊ ဗဟိုမဇ္ဈေ၊ လယ်ချက်ဗွေမှာ၊ အန္တေဝိဓီ၊ ခရီးမှီလို့၊ ဆောင်သည်ဝေယန်၊ ဘုံဗိမာန်နှင့်၊ ကြယ်ရံပြုဗ္ဗာ၊ တည့်မွန်းဘဲသာ တော့တယ်၊ တာရာကြော့စဉ်းချိန်လဲ၊ ဥဒါသိန် ဆောင်ကြငှန်းက၊ ရောင်သန်းတောင်အပွင့်မှာ၊ မြှေးရင့် တသွန်။

ပြက္ခဒိန်ငယ်၊ အချိန်ရက်မြတ်၊ နက္ခတ်ဝယ်၊ ဉာတ်ကမ္မဝါ၊ ပဉ္စင်းလျာတို့၊ ပရိက္ခရာစုံ၊ ရှစ်ပါးခြုံလျက်၊ ဘုံ ဟင်္သာဝယ်၊ တင့်စမ္ပယ်နှင့်၊ သပ္ပါယ်မွေ့သိမ်၊ ဆေးလေးငြိမ်တော့ပ၊ ဣနြေ္ဒမွန်ငယ်၊ ဂုဏ်အင်ကြီးရင့် မထေရ် တို့။

တောတောင်မှောင်နက်၊ နတ်လျောင်းရက်မှာ၊ ပုံးညက်မာလာ၊ ငုံဝိုင်းကာနှင့်၊ ရေဝယ်သုန်လို့၊ ကမ်းခုံကျွန်း ညို၊ ဒိုက်မျောဘဲ သိုတော့တယ်။ ငှက်ဖိုမ မယ်မောင်လဲ၊ သိုက်မြုံဆောင် ဝါရှောင်သုံးတယ်နှင့်၊ ဘုန်းချစ် လှယ်ကြို့။

ဉာဏ်ဝန်ကြီး ဦးဖြေ

နယုန်လဘွဲ့

ခါစရိုက်မှာလ၊ ပြာဝိုက်ကယ်မှောင်ကြွေ့နှင့်၊ တောင်ငွေ့ရီ။

ခြောက်လုံးငယ်အလွန်၊ ပါဒ်သုံးငယ်ချွန်သည်၊ ခေါ်ညွှန်ဘုံကွက်၊ နယုန်ရက်လဲ၊ လယ်ချက်ကယ်ပဇ္ဇုန်၊ ဥဒေါင်း ပုံနှင့်၊ ယုန်ရထားညောင်၊ ငွေတန်ဆောင်လဲ၊ ကြယ်ပြောင်ဇေဋ္ဌာ၊ တည့်မွန်းသာလို့၊ တာရာဗုဇွန်၊ ရောင်ခြည်ဘဲ သွန်တော့တယ်၊ တိမ်စွန်မြင့်တောင်ယံမှာ၊ ဒေါင်းမကန်သာစနိုးလေကြည့်၊ မုရိုးရွှေစည်ငြိမ့်မှာ၊ တီးငြိမ့်သံညီ။

ပုဏ္ဏမာငယ်၊ အင်္သာပြည့်စက်၊ ဝန်းသည့်ရက်ရက်ဝယ်၊ ဟောမြွက်ကယ်စည်ရာ၊ အဘိဓမ္မာနှင့်၊ မဟာသုတ္တံ၊ ဝိနယံက၊ ဘန်ဘန်မေးမှု၊ ဖြေဆေးငယ်ရှုလို့၊ သုဓမ္မာပုံ၊ ပွဲကြီးသာကြုံတော့ပ၊ ဓုန်ရာသီငယ်၊ သွေသိဝါဒ သခင်တို့၊ ကမ်းငယ်ငုံနှင့်၊ ယမုန်မြစ်မှာ၊ ကြက်ရစ်ကယ်စွတ်ဟောင်၊ လှိုင်းညီနောင်နှင့်၊ တောတောင်တို့မှာ၊ ရှုလေရာငယ်၊ ရွှေညာစမ္ပယ်၊ ငုံချင်းလှယ်လို့၊ တသွယ်ပန်းပြိုင်၊ တင်းကျမ်းဘဲ လှိုင်တော့တယ်၊ နှိုင်းမတန် ခါချိန်ကို၊ ဆောင်ကြာအိမ် သဘင်လုငယ်နှင့်၊ လွမ်းရှုပေလို့။

ဉာဏ်ဝန်ကြီး ဦးဖြေ

ကဆုန်လဘွဲ့

ခါအစေ့မှာလ၊ ပြာငွေ့ရောင်နှစ်နှင့်၊ မှောင်သစ်ကာ။

လေးလုံးအစုံ၊ နှစ်ပါဒ်ကယ်ကြုံသည်၊ ကဆုန်ပြိဿ၊ ဝေါဟာရမှာ၊ ဆန်းမြရောင်နွယ်၊ စန်းနိကာယ်လည်း။ ကြယ်ဝိသာခါ၊ ပါဒ်ဆိုင်းသာနှင့်၊ ယှဉ်ခါကူးသီ၊ တည့်မွန်းဘဲညီကြတယ်၊ သီးမရုဖလ်ဝါမှာ၊ ရွှေဟင်္သာ တာ ရာနန်းငယ်နှင့်၊ တင့်မြန်းစမ္ပယ်လေ့ပါဘိ၊ ချမ်းမြေ့ပေရာ။

သာစွာ့ထွေငယ်၊ ခါရေညောင်းစက်၊ ကံတော့ရက်ဝယ်၊ ဖိုလ်မဂ်ကယ်ရွယ်ချူ၊ ဆုကြီးယူဟု၊ သယမ္ဘူဓါတ်၊ သုံးလူ့နတ်နှင့်၊ ဆောင်ရပ်ဦးကင်၊ နန်းကြော့ပြင်မှာ၊ သဘင်ပွဲရေ၊ ဆက်မြဲပေတော့ပ၊ ရေမြူတာငယ်၊ နံ့သာ ပန်းသတ်မွှေးရည်နှင့်။

တောတောင်ငယ်ပတ်ခြံ့၊ မြေသင်းပျံ့လည်း၊ ရနံ့ကြူးကြူး၊ မိုဃ်းသားမြူးနှင့်၊ ထွေထူးမျိုးခေါ်၊ စည်ကြီး ကျော်လို့၊ တီးဆော်ညံ့ညံ၊ မိုဃ်းပွဲဘဲ ခံတော့သည်၊ မတန်ကောင်းလေ၊ ရက်ညောင်းသာချွေတော့တယ်၊ ထုံးဖြေလျှော့ ကေသာမှာ၊ စကားဝါ ညှာညိုရုန်းလို့၊ ကုံးကြဆင့်ဆင့်။

ဉာဏ်ဝန်ကြီး ဦးဖြေ

တန်ခူးလဘွဲ့

ခါဓလေ့မှာလ၊ ပြာငွေ့ကြူနှစ်နှင့်၊ မြူသစ်ချယ်။

နှစ်လုံးပါဒ်စီ၊ နက္ခတ်ကယ်ညီသည်၊ ရာသီမိဿ စိတြလဲ၊ ငွေလယာဉ်သာ၊ နေစကြာနှင့်၊ ရောင်ဝါတပြိုင်၊ တည့် မွန်းဆိုင်လို့၊ မဏ္ဍိုင်ဗဟိုရ်၊ လယ်လမ်းဘဲခိုကြတယ်၊ ကျီးညိုကြော့တာရာမှာ၊ ဒေါင်းယာဉ်သာ၊ ဖလ်ဝါနန်းငယ်နှင့်၊ တခန်းတပုံထူးပါလို့၊ မြူးကြစမ္ပယ်။

တာဝသန်၊ သင်္ကြံသစ်ညောင်း၊ နှစ်အပြောင်းဝယ်၊ တသောင်းလုံးရှင်၊ ရာဦးကင်လဲ၊ ရောင်ကဉ္စနာ၊ ညောင်သဉ္ဇာထက်၊ စကြာနှစ်လီ၊ ထွက်မြန်းချီလို့၊ ညီလာခြံရံ၊ ရေသွန်းဘဲ ခံတော့ပ၊ မြန်တနယ်ငယ်၊ တိုင်းကျယ်ပြည်ကြီး မြတ်သူတို့၊ ကံ့ကော်ရင်ကတ်၊ မွှေးရင်သတ်နှင့်၊ ခေါက်ချပ်ကယ် ကေရှင်၊ စုလည်းဆင်လို့၊ ရွှေပင်နန်းနေ၊ မယ်လျဆွေနှင့်၊ ရွှေမြေဘုံသူ၊ ပျော်ပွဲဘဲယူကြတယ်၊ ထုံကြူတဲ့ ဘွေပေါ်မှာ၊ ရင်သော်မော်စမ္ပယ်ကြူးတယ်၊ မူးလိမ့်ခွေလို့။

ဉာဏ်ဝန်ကြီး ဦးဖြေ

တပေါင်းလဘွဲ့

တပေါင်းရယ်တဲ့ မိန်ရာသီ
ရွက်ဟောင်းကို လေနှင်လို့
ပန်တော်ဝင် ရွှေအင်ကြင်းငယ်
သင်းပျံ့ခဲ့ပြီ။

နီတျာ သန္တာနှစ်လိုပ
စီအမြွှာ ညှာသရစ်ကယ်တို့
ဝနာသစ် ပြောင်းခါမှီ
ဆောင်းရာသီရယ်တဲ့ ကုန်းကျွမ်း။

ဘရဂုဏ္ဏီမှာ
တူအညီ သော်တာပြည့်ပါလို့
မျှော်ကြည့်သူ ကြည်ကြည်သာ၍
သည်အခါ ငွေတောင်ဦးမှာလ
သဲစေတီ သဘင်ထူးကို
မြူးလို့ ပျော်ခန်း။

ဦးပြုံးချို

တပို့တွဲလဘွဲ့

ပေါက်လဲရယ်တဲ့ ပွင့်စီစီ
ဝတ်ပန်းသူရာရေကြောင့်
ဆက်ရက်တွေ သံစုံကျူးတယ်
မြူးသည့်ရာသီ။

ငွေသော်တာ ကြယ်မာဃငယ်နှင့်
ထွန်းလျှံပ ပြည့်ကာညီ
ပြာရီလဲ့ မြူခိုး။

ယာဂုပွဲကိုတဲ့
လှူမြဲအလွန်ရွှင်လို့
ခုနှစ်စင် တာရာလျှမ်းသည်နှင့်
ဆူးပန်းတွေ ဝေဝေပွင့်ကြတယ်
ထူးတင့်မညှိုး။

ဦးပြုံးချို

ပြာသိုလဘွဲ့

အာဒိစ္စရယ်တဲ့ ဖန်သူရိန်
ပြင်လမ်း သူခွာလို့
ဒက္ခိဏာ ယဉ်အစွန်းမှာ
ထွန်းတဲ့ခါချိန်။

ပြာသိုမှာ ဖြာစိုနှင်းရယ်နှင့်
ခါအလို ခွာညိုသင်းပါဘိ
မြင်းခင်းမြတ် တော်သဘင်မှာ
ပျော်ရွှင်ကြပြည်လုံး။

ပုဏ္ဏမာ
ဖုသျှငယ် ယုန်စန္ဒာနှင့်
မှုန်ပြာပြာ ဝဠာတွင်းမှာလ
ငွေပုစွန်တာရာလင်းတယ်
နှင်းမြူပိတ်ဖုံး။

ဦးပြုံးချို

နတ်တော်လဘွဲ့

ငွေနှင်းကယ်တဲ့ မှုန်ဝေဝေ
ပျံ့မွှေးခိုင်သဇင်နှင့်
ဂမုန်းအင် ပန်တော်ဦးကြတယ်
ထူးတဲ့လပေ။

မိဂသီ ပုဏ္ဏာလင်းပါလို့
ရွှေဟင်္သာ့ တာရာငွေလို
ဖြာဖြာဝေလျက် စံကွန့်မြူး။

ပဏ္ဏာတင်
ပိန္နဲမဟာရှင်၏
ခါသဘင် ပျော်ရွှင်ပွဲမှာလ
ဖော်ကွဲသူ မကြည်သာဖို့
ရထည်လွှာ ခြုံလို့ကွေးရတယ်
အေးတဲ့လထူး။

ဦးပြုံးချို

သီတင်းကျွတ်လဘွဲ့

ဆီမီးငယ်တဲ့ ထိန်ထိန်
အိုင်မင်း ရေကြည်က
ကြားငါးမည် ငုံအာစွင့်တယ်
ဖူးပွင့်ခါချိန်။

အသဝနီ ယှဉ်ကာချဉ်းပါလို့
လင်းလာတဲ့ ငွေတာရိန်ရယ်
ပြာမှိန်လျက် မြူခြေဆိုင်း။

ဂါရဝေ
သဒ္ဓါခြွေ ကန်တော့ပွဲကိုလ
မစဲပေါင် ကုသိုလ် နှိုးကြတယ်
မျိုးမြန်မာ့တိုင်း။

ဦးပြုံးချို

တော်သလင်းလဘွဲ့

သစ်ဆင်းရယ်တဲ့ လမာသာ
မြစ်လုံးငယ် ဆူညံလို့
လှော်တက်သံ လှေပြိုင်ပွဲငယ်
နွှဲပျော်ကြရှာ။

ယုန်ရထားအိမ် သီတလမှာတဲ့
ပုဏ္ဏဒိန် ကြည်ကြည်ပပါလို့
မည်ဘဒြ ကြယ်ပြုဗ္ဗာ
ယှဉ်လာ၍ ပြည့်ဝန်း။

ဒွါဒရာ
ငှက်ဗျိုင်းတာရာနှင့်
ရွှေရင်းမာ ငုံပွင့်ကင်းကြတယ်
သင်းတဲ့ သည်ပန်း။

ဦးပြုံးချို

ဝါခေါင်လဘွဲ့

လစန်းရယ်တဲ့ ငွေဘုံဆောင်
ပြည့်ဝန်းကြယ် သရဝဏ်နှင့်
နယ်တဝှန် ရှစ်ခွင်တိုင်းမှာ
မှိုင်းရီလို့ မှောင်။

ငွေတာရာ သိန္ဓာငယ်တို့
ဝေဟာမှာ အရှိန်ပြပါတဲ့
ချိန်သမယ လဝါခေါင်မှာ
ငွေသောင်မြစ် ပြည့်လျှမ်း။

ခတ္တာငုံ
ချပ်လွှာမှုံ တကြူကြူနှင့်
ပြည်နိဗ္ဗူ ပတ္ထနာသန်လို့
စာရေးတံ လှူတော်ပွဲကို
(အိုကွယ်) နွှဲပျော်ဖို့လှမ်း။

ဦးပြုံးချို

ဝါဆိုလဘွဲ့

အုံ့မှိုင်းငယ်တဲ့ နယ်ရှစ်ခွင်
ငွေစန်း အာသဠီနှင့်
ယဉ်ကာမှီ ပုဏ္ဏာပြည့်တယ်
ထွန်းသည့်ဝေဟင်။

နဘန်မှာ ပြာမှိန်ခပါလို့
ဝသန္တာ ခါချိန်စမှာမို့
နာဂိန်ပ တာရာဆင်
အာကာခွင်က ပဇ္ဇုန်ဖျန်း။

ပဉ္စင်းတော်ခံ
မယွင်းနော် အခါတန်ပေါ့
မဟာဒါန် အဋ္ဌင်္ဂငယ်နှင့်
ဘဂဝါ အရဟံ ရင်ပြင်ဝမှာလ
တင်သရန် မာလာကုံးကြတယ်
ပုန်းညက်ငွေပန်း။

ဦးပြုံးချို

နယုန်လဘွဲ့

ရိုက်ချုန်းရယ်တဲ့ စည်ပုစွန်
ငွေဝန်း စန္ဒာနှင့်
ကြယ်ဇေဋ္ဌာယှဉ်ကာပြည့်တယ်
ထွန်းသည့်ရောင်ဝှန်။

နွေနယုန် မေထုန်ရက်မှာလ
နဘေဘုံ ရေမှုန်တက်ပါလို့
လေဟုန်စက် ထိန့်ထိန့်လွန်
ခြိမ်ခြိမ့်သွန်ပါလို့ စွေကာသဲ။

ခါပျော်ရန်
စာတော်ပြန် သဘင်ခန်းမှာလ
ဆင်မြန်းရန် ရဝေမယ်တို့
ငွေစံပယ် ငုံမြတ်လေးကိုတဲ့
ထုံးမင်မှာ ကုံးဆင်ဖို့ ရွေးကြလိမ့်
မွှေးတဲ့လပဲ။

ဦးပြုံးချို

ကဆုန်လဘွဲ့

နေနန်းရယ်တဲ့ ဖန်သူရိန်
တန်ခိုး ဥဏှဂူနှင့်
ကဆုန်ဟူ သည်မာသမှာ
ပြင်းပြပူရှိန်။

ဝိသာခါ ယှဉ်ပြိုင်ဝန်းပါလို့
ထွန်းလှတဲ့ ငွေတာရိန်ငယ်
ဒွတ္တိံသ နေ့စွဲ။

ပန်းစံကားဝါ
နန်းဘမယာ ကေသီဆင်လို့
ရွှေပြည်ခွင် ဗိုလ်ပါပေါင်းရယ်တို့
ငြိမ့်ညောင်းအောင် ထာဝစဉ်ဖြင့်
ခါသဘင် ညောင်ရေသွန်းကြတယ်
လွမ်းစရာ့ပွဲ။

ဦးပြုံးချို

တန်ခူးလဘွဲ့

နှစ်လုံးရယ်တဲ့ ပါဒ်မှီ
ရေသွန်း စံပျော်လို့
ငွေကံ့ကော် ပိတောက်ပန်းရယ်
လန်းတဲ့ရာသီ။

စိတြ ရွှေကြယ်မြတ်ကယ်နှင့်
စန်းသမသတ်ပြည့်ခါမှီ
ညဥ့်နာရီနေခင်း။

မျှမပို
လအလို အခါထူးပါတဲ့
တန်ခူးသည် ဂိမှေ၌
ရဝိန်နေ မဇ္ဈေနန်းမှာ
မြန်းမည့်အတွင်း။

ဦးပြုံးချို

တပေါင်းလဘွဲ့

ပန်းရွှေဖီ ကြိုင်လှောက်လို့
ပိတောက်ကယ်တဲ့ သင်းချို
ဥတ္တရာ ဘရဂုဏ်က
တိမ်ဘုံမှာ ရောင်ချည်လင်းလို့
လမင်းသော်တာနှင့်
တူမကွာ ထိန်ဝါလဲ့
ထွန်းတဲ့ခါကို။

သောင်သဲငယ်မို
ရောင်ညိုရစ်မို့
လေညှင်းငယ်လာ
စုံဟေမာ မြိုင်ထဲက
ဝမ်းဘဲရွှေစင်ရော်တို့
တကြော်ကြော် မောင်နှံကြူးတယ်
မြူးပျော်ကြလို့။

စာဆိုတော်ဦးမင်း

တပို့တွဲလဘွဲ့

ရာသီချိန် ခါလှောက်လို့
လဲပေါက်ကယ်တဲ့ ပွင့်ညီ
ရွှေဖီနံ့သာနှင့်
ခြောက်ရောင်ဝါ စေတီရင်းမှာ
ဆယ်စင်းလက်စုံကြူး
ဦးမြောက်လို့ချီ။

ငွေနှင်းရယ်စီ
သုံးလီသမယ
ရောင်ဖြိုးဝေစွာပ
မြင့်မြတ်ကယ် သင်္ချာနှင့်
ယုဂန်သာ တောင်တော်စွန့်မှာ
ထွန်းလိမ့်မာဃ။

စာဆိုတော်ဦးမင်း

ပြာသိုလဘွဲ့

ငွေသော်တာ စန္ဒနှင့်
ဖုသျှတဲ့ လမ်းဆုံ
တိမ်လွှာမှာ ရောင်ဝါကျင်းပါလို့
ထိန်ဝင်းစွာ တူပြိုင်ပတယ်
မြန်းကြခိုက်ကြုံ။

တောရဂုံ
မြိုင်စုံမြနန်း
နုစိမ်းစိုစိုနှင့်
ပန်းခွာညို ငုံတံထူးတယ်
ဖူးပွင့်ချက်ဆန်း။

စာဆိုတော်ဦးမင်း

နတ်တော်လဘွဲ့

ရှစ်ခွင်မှာ မြူဆင်းလို့
ငွေနှင်းတဲ့ နုစို
ဂမုန်းသဇင်တို့
စုံခွင်မှာ လေချိုညှင်းက
သုတ်သွင်း ဘယ်ညာနှံ့
သင်းပျံ့သကို။

ယုဂန္ဓိုရ်
တောင်မိုထိပ်ဖျား
ငွေလစန္ဒီနှင့်
မိဂသီ ရောင်ခြည်ဖြန်းတယ်
မြန်းကြွတူသွား။

စာဆိုတော်ဦးမင်း

သီတင်းကျွတ်လဘွဲ့

ကြာငါးမည် ကြိုင်သင်းလို့
လျှံဝင်းတဲ့ ပြောင်ထိန်
ရွှေမန်းတောင်တော်ဦးမှာလ
ကွန့်မြူး မြင့်မိုရ်မီး
ညီးတဲ့ခါချိန်။

ရှိဦးငယ်နှိမ်
သုံးကြိမ်ပ ရိုပျောင်း
သက္ကစ္စဂါရဝါနှင့်
စည်အလာ ပူဇော်ပွဲပေမို့ကွယ်
နွှဲကြပုံမောင်း။

စာဆိုတော်ဦးမင်း

တော်သလင်းလဘွဲ့

ကန်ရာသီ ချိန်တွင်းမို့
ရွှေရင်းတဲ့ မာငုံ
မြိုင်ဟေမာ သာနန်းက
သုတ်ဖြန်း လေယူဖြန့်
သင်းပျံ့ပျံ့ထုံ။

တိမ္စြမ္ဘုံ
ရောင်ဟုံလျှံပ
လမင်း သော်တာနှင့်
အဗဒ္ဓာဆို ရွှေကျီးငယ်
နီးသည့်ကာလ။

စာဆိုတော်ဦးမင်း

ဝါခေါင်လဘွဲ့

ထက်အာကာ ဘုံစွန်းက
တောက်ထွန်းလို့ ထိန်ဝါ
သရဝဏ် ရွှေကြယ်မင်း
လင်းတဲ့ချိန်ခါ။

လေညှင်းငယ်လာ
သိဟ်ရာသီမို့
ရှုတိုင်းငယ် ဘယ်ညာက
ပန်းခတ္တာ ဝတ်မှုံကျင်းတယ်
သင်းပျံ့လှိုင်လို့။

စာဆိုတော်ဦးမင်း

ဝါဆိုလဘွဲ့

ပြုဗ္ဗာသဠ် ကြယ်ထွန်းလို့
လဝန်းတဲ့ သော်တာ
သည်ချိန်ကို ယုဂန်ဖျားက
နှစ်ပါး ရောင်ခြည်ဆိုက်
လင်းခိုက်မို့သာ။

ရနံ့ငယ်ဖြာ
ညှာတံက ငုံဖူး
ပုံးညက်ကယ်ခိုင်မင်းက
သင်းပျံ့လို့ကြူး။

စာဆိုတော်ဦးမင်း

နယုန်လဘွဲ့

ရွှေစာတော် ပြန်မေးလို့
မြတ်လေးတဲ့ စမ္ပယ်
မေဓုန်ဆို ရာသီကူးလို့
ပွင့်ဖူး ဝတ်မှုံနံ့
သင်းပျံ့တော့တယ်။

ကောင်းကင်လယ်
ထက်ဝယ်ဘုံက
ဇေဋ္ဌခေါ် ရွှေကြယ်မင်းငယ်
လင်းတဲ့ချိန်ပ။

စာဆိုတော်ဦးမင်း

ကဆုန်လဘွဲ့

စကဝါ ငုံသင်းလို့
ကြယ်မင်းတဲ့ ဝိသာခါ
တိမ်ဘွေမှာ ရောင်ချည်းရွှန်း
ထွန်းတဲ့ ချိန်ခါ။

စုံကန္တာ
ဟေမာမြိုင်ထဲ
ရွှေကျေး ပျံသင်လို့
စံပျော်ရွှင် သည်ကို ကူးလို့ငယ်
မြူးကြစမြဲ။

စာဆိုတော်ဦးမင်း

တန်ခူးလဘွဲ့

ဟောင်းရွက်ညှာ ခါလှစ်လို့
တာသစ်ကဲ့ နံ့ကြိုင်
သုတ်ဖြူးလေဆော်က
ပန်းကံကော် ဝတ်မှုန်ကျင်း
သင်းတဲ့လို့လှိုင်။

ကြယ်နှစ်ဆိုင်
သွယ်ပြိုင်ပဝင်း
စိတြငယ်နှင့်
ငွေလသော်တာတို့
ယုဂန်ချာ တောင်တော်စွန်းမှာ
ထွန်းထိန်လို့လင်း။

စာဆိုတော်ဦးမင်း

တန်ဆောင်မုန်းလဘွဲ့

ငွေစန်းရယ်တဲ့ ပုဏ္ဏမီ
ရွှေကျီးညို တာရာနှင့်
ကြတ္တိကာ ယှဉ်ပြိုင်လျှမ်းတယ်
ချမ်းစရာသီ။

လှူကထိန် ခါတော်ပွဲငယ်နှင့်
ခဝဲပွင့် ဝါစီစီ
သာကြည်လဲ့ မြူးရှင်း။

လတန်ဆောင်မှာ
ကြွပြောင်ပြောင် အသရေတင့်ပါဘိ
ရွှေမြင့်မိုရ် ဝါထိန်ထိန်နှင့်
ခါအချိန် မြောက်လေသွေးတယ်
အေးတဲ့ငွေနှင်း။

ဦးပြုံးချို

တန်ဆောင်မုန်းလဘွဲ့

လှူကထိန် သင်္ကန်းနှင့်
မဂ်လမ်းတဲ့ ဆုပန်းရွယ်
သည်ချိန်ကို ဝတ်မှုန်ကြဲလို့
ခဝဲရွှေညှာရင်းမှာ
သင်းရနံ့ကြွယ်။

ကောင်းကင်လယ်
ထက်ဝယ်ဘုံဦး
ငွေလစန္ဒာနှင့်
ကြတ္တိကာ ကြယ်ပြောင်ရွှန်းတယ်
ထွန်းထိန်လို့မြူး။

စာဆိုတော်ဦးမင်း။